မြန်မာနိူင်ငံသည် ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရသောအကူအညီများ၏ ၁ ရာခိုင်နှုန်းရလျှင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကိုလပိုင်းအတွင်းအနိုင်ယူပြီးအောင်ပွဲရယူနိုင်ကြောင်းတော်လှန်ရေးခေါင်ဆောင်များဖြစ်သော ဗိုလ်ချုပ်ဂွန်မော် ၊ ဦးမင်းကိုနိုင်နှင့် ဦးရည်မွန်တို့ကပူးပေါင်း၍ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)တွင်ဆောင်းပါးရေးသားတိုက်တွန်းလိုက်သည်။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)၌ ယမန်နေ့က ဖော်ပြသည့် ‘Like Ukraine, Myanmar Deserves International Aid’ (ယူကရိန်းကဲ့သို့ပင် မြန်မာသည်လည်း နိုင်ငံတကာအကူအညီနှင့်ထိုက်တန်သည်) အမည်ဖြင့် လေ့လာဆန်းစစ်ချက်သဘောထားအမြင်ဆောင်းပါးတွင်၊KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သောဗိုလ်ချုပ်ဂွန်မော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ကပထဆုံးအကြိမ် ပူးပေါင်းရေးသားထားခြင်းဖြစ် သည်။

NUG နှင့် KNU ၊ KIA တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်နေပြီး ကရင်နီ ၊ချင်းတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အနည်းဆုံး တိူင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းနိူင်ငံတကာသို့အသိပေးထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံတဝန်းရှိပြည်သူများသည် မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးကို ဘုံရန်သူအဖြစ်သတ်မှတ်ထားပြီး အရပ်သားအစိုးရအောက်တွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ဘုံရည်မှန်းချက်ကို ကြိုးပမ်းတည်ဆောက်နေကြောင်း လည်း ရေးသားထားသည်။
မြန်မာပြည်သူလူထုသည် စစ်အုပ်ချုပ်မှု အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တစ်သံတည်းထွက်ကာ စည်းလုံးစွာကြိုးပမ်းချီတက်နေကြောင်း အထက်ပါဆောင်းပါးတွင် ဖော်ပြသည်။
မြန်မာပြည်သူများသည် တိုင်းတပါးတွင် အိမ်အကူလုပ်ခြင်းဖြင့်ရရှိသော ဝင်ငွေများကို တော်လှန်ရေးအတွက် ထည့်ဝင်ခြင်း၊ အညာဒေသတွင် စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ်ပိုင််ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည့် အဖွားအိုများက ၎င်းတို့၏ နားကပ်များကို တော်လှန်ရေးရဲဘော်များကို လှူဒါန်းခြင်းများဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပြသနေကြသည်။ မြန်မာပြည်သူများသည် မိမိကိုယ်ကို ကာကွယ်ရန် အိမ်လုပ်တူမီးသေနတ်မှလွဲ၍ ဘာမျှမရှိသော်လည်း ရနိုင်သမျှသော သတ္တုအစအနလေးများကို စုစည်းကာ ရရာလက်နက်များ စွဲကိုင်လာကြသည်။
ရုရှားထံမှ ရရှိသော စစ်ကောင်စီ၏ ခေတ်မီလက်နက်များ၊ နောက်ဆုံးပေါ်ဂျက်ဖိုက်တာများကို ရင်ဆိုင်ရသည့်တိုင် ၎င်းတို့ကို ပြန်လည်ခြိမ်းခြောက်နိုင်နေပြီဖြစ်သည်။ Kyiv(ယူကရိန်းသား)များသည် ၎င်းတို့ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြန်မာပြည်သူများသည်လည်း စစ်ကောင်စီခိုးယူထားသော မြေတစ်လက်မချင်းစီအတွက် ပြန်လည်တိုက်ခိုက်နေကြောင်း ဆောင်းပါး၌ ဖော်ပြသည်။NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်ကြောင်းလည်းအသိပေးသည်။

သို့သော် မြန်မာနိုင်ငံတွင် မြန်ဆန်သောအောင်ပွဲရရှိရန် နိုင်ငံတကာအသိုင်းအဝန်း၏ အထောက်အပံ့၊ အကူအညီများ ရရှိရန် လိုအပ်နေသည်။ မြန်မာပြည်သူများသည် ယူကရိန်းပြည်သူများ ရရှိသော အကူအညီများနှင့် မနှိုင်းယှဥ်နိုင်ဘဲ ယူကရိန်းသို့ ကူညီထောက်ပံ့မှု၏ ၁ ရာခိုင်နှုန်းမျှသာရရှိပါက မြန်မာ့တော်လှန်ရေးအောင်မြင်မှုကို လပိုင်းအတွင်း ရရှိနိုင်မည်ဟု သက်သေပြနိုင်မည်ဟု ဆိုသည်။
လက်ရှိ မြန်မာ့တော်လှန်ရေးသည် သမိုင်းတွင် ထူးခြားပြီး နိုင်ငံတကာ၏ ပံ့ပိုးမှုနှင့် ထိုက်တန်ကြောင်း အထက်ပါခေါင်းဆောင်များကပြောသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်ပွဲများဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး၊ဒီမိုကရေစီနှင့် နိုင်ငံလွတ်လပ်ရန်အတွက် ယခုအကြိမ်မှာအကောင်းဆုံးနှင့် နောက်ဆုံးအခွင့်အရေးလည်းဖြစ်နိုင်ကြောင်းလည်း ရေးသားအသိပေးထားသည်။
နိုင်ငံတကာ အသိုက်အဝန်းထံမှ ပံ့ပိုးကူညီမှု မည်သို့ပင်ရှိစေကာမူ မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရန် စိတ်ပိုင်းဖြတ်ထားမှုကို ယိမ်းယိုင်မည်မဟုတ်ဘဲ နိုင်ငံတကာ၏ အကူအညီရရှိပါက စစ်အာဏာရှင်စနစ်အား အချိန်တိုတိုအတွင်း အောင်ပွဲခံရန် သေချာပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး လျင်မြန်စွာ ပေါ်ထွန်းလာကာ တိုင်းပြည်နှင့် ဒေသတွင်း တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရေးသားထားသည်။
(ဗိုလ်ချုပ်ဂွန်မော်၊ ဦးမင်းကိုနိုင်နှင့် ဦးရည်မွန်)
