ချောင်းဦးမြို့နယ် လဝကရုံးအနီးမှ စစ်ကောင်စီတပ်ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးပြီး သေနတ် လေးလက်ကိုပါ သိမ်းယူနိုင်ခဲ့ကြောင်းဒေသခံနှင့်တော်လှန်ရေးရဲဘော်အချို့ကပြောသည်။
စစ်ကောင်စီကင်းစခန်းကိုယနေ့(ဇွန်လ ၄ရက်) နံနက် ၇နာရီခန့်တွင် ချောင်းဦးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
“စစ်သား လေးယောက်သေပြီး သေနတ်လေးလက်ပါ သိမ်းနိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒီသတင်းကို ကျွန်တော်တို့ကြားပါတယ်။ မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ချောင်းဦးမြို့ပေါ်ရှိ လဝကရုံးအနီး ကင့်စောင့်နေသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Farmers Revolution Forceအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့အတည်ပြုသည်။
ကင်းစောင့်နေသည့် စစ်သား ၄ ဦးစလုံးသေဆုံးပြီး ၎င်းတို့ထံမှ BA 63 (G3) ၄လက်၊ ကျည်ဘောက် ၄ ခုနှင့် ကျည် ၄၉ တောင့် သိမ်းဆည်းနိုင်ခဲ့ကြောင်းအထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့စခန်းထဲမှာပဲ ခါတိုင်းလို ပုံမှန်ကင်းစောင့်နေတဲ့အချိန် ကားနဲ့ ဝင်ပစ်လိုက်တာပါ။”ဟု ၎င်း ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
FRF ကတယ်လီဂရန်ချန်မှ တစ်ဆင့် စက္ကန့် ၄၀ ကျော်ကြာစစ်ဆင်ရေးရုပ်သံဖိုင်ကို ထုတ်ပြန်ရာ စစ်တပ်စခန်းကို PDFများကအလစ်အငိုက်ဖမ်း၍ သေနတ်အချက်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်နေသံနှင့် စစ်တပ်ထံမှသိမ်းဆည်းရရှိသော လက်နက်များကို ပြသထားသည်ကိုတွေ့ရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်သားများက ချောင်းဦးမြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုစစ်ဆင်ရေးကို Farmers Revolution Force – မုံရွာခရိုင်တပ်ရင်း ၈ က ဦးဆောင်ကာ PDF ပူးပေါင်းအဖွဲ့များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးရဲဘော်များအထိအခိုက်မရှိဟု အသိပေးသည်။
မေလ(၂၇)ရက်နေ့ ညပိုင်းက ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၃၀)နီးပါးမီးလောင်ပျက်စီးခဲ့သည်။
