ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ဟုဆို
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သော်လည်း ရဲဘော် များအားလုံး အချိန်မီတိမ်းရှောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီးရသစ်တောကြိုးဝိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့်ရဲများက ဇွန်လ ၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခြင်းဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
“သတင်းကြိုရလို့ လူတွေလွတ်အောင် ရှောင်နိုင်ခဲ့တယ်။ စခန်းက ပစ္စည်းတွေတော့ ပါသွားတယ်။စခန်းကို ဖျက်ဆီးသွားတယ်။ လူအန္တရာယ်ကင်းဖို့ အဓိကပါပဲ။ စိတ်ဓာတ်ကျစရာမရှိပါဘူး”ဟု အဆိုပါ ထောက်ပို့ရဲဘော်က ပြောသည်။

စခန်းမှ လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ် များ၊ ခဲယမ်းများနှင့် လက်နက်ထုတ်လုပ်ရေးပစ္စည်းများအပြင် ရိက္ခာနှင့်ဆေးဝါးများကို စစ်ကောင်စီတပ်က ယူဆောင်သွားသည်ဟု သတင်းရရှိသည်။
ဟင်္သာတခရိုင်အတွင်းပါဝင်သော မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့်ဧပြီက ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှူးတစ်ဦး လက်ဖြတ်လိုက်ရပြီးနောက် အနီးဝန်းကျင်းကျေးရွာများကို စစ်ကောင်စီက မွှေနှောက်နေသည်ဟု ဒေသခံများက ပြောသည်။
ဧပြီ၂၇ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကို စစ်ကောက်စီတပ်က မတရားဖမ်းဆီးခဲ့သည်။
