စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၏ ကြားကာလပညာရေးအတွက် ဦးဆောင်နေသော နဘဲပင်လှကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင်များအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲကော်မတီက ပြောသည်။
ဇွန်လ ၃ ရက်က ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၀၀ကျော်၊ ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ဆောင်တစ် ခုအား မီးရှို့ဖျက်ဆီးခဲ့သည်။

နဘဲပင်လှကျေးရွာမှာ ကြားကာလပညာရေးအတွက် စတင်လှုပ်ရှားခဲ့သည့်နေရာဖြစ်ပြီး ယခုအချိန်အထိ ပညာရေးဆက်လက်အားကောင်းနေသော နေရာဖြစ်ကြောင်း၊ ပညာရေးအတွက် အသုံးပြုနေသော ဘုန်းကြီးကျောင်းများ၊စာသင်ဆောင် များအားလုံးကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲကော်မတီက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အသက် ၂၃နှစ်အရွယ် လူငယ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်ပစ်သတ်မီးရှို့ခဲ့တယ်။အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးကိုတော့ သေနတ်နဲ့ ပေါင်ကိုပစ်ခဲ့တယ်။”ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ထွက်ပြေးပုန်းရှောင်နေရသော ဒေသခံပြည်သူများအတွက် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ ၄ ရက်)တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက် လမ်းပိုင်းအား အသုံးမပြုကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
