▪︎ယနေ့အနီးကပ်တိုက်ပွဲနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၇ဦးသေဟု CNA ပြော
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်အကြားတွင် စစ်ကောင်စီတပ်နှင့်ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“တိုက်ပွဲက ဒီနေ့ ၁၂နာရီလောက်မှာသူတို့ကကျနော်တို့နေတဲ့နေရာကိုသုံးကြိမ်တက်လာတာပေါ့။ မြေပြင်စစ်ဆင်ရေးလို့ပြောရမှာပေါ့။ ဒီနေ့ကတော့ တိုက်လေယာဉ်တွေမလာဘူး။ တက်လာတော့ အဲဒီမှာ သူတို့ဘက်က ၇ယောက်ကျတယ်ပေါ့။ အဓိကတော့ မြေပြင်အနီးကပ်တိုက်ပွဲနဲ့ ဒရုန်းနဲ့ ချတာပေါ့။ အဲဒီကနေ ရှေ့ဆက်တို့မလာဘူး။ ဒါက ဒီနေ့တိုက်ပွဲပေါ့။ မနေ့က တိုက်ပွဲကျတော့ လေယာဉ်နဲ့ ၈ကြိမ်လောက်ဗုံးကြဲတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ချင်းတပ်ဖွဲ့ဝင် အချို့ မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်းအသိပေးသည်။ယမန်နေ့တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်ဟုဆိုသည်။

“မနေ့က ကျနော်တို့လည်း ပြန်ပြီးတုန့်ပြန်တယ်။ အနီးကပ်ချဉ်းကပ်ပြီးတော့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ အချိန်မှာ သူတို့ဘက်က အနည်းဆုံး ၁၀ယောက်လောက်ထိခိုက်မှုရှိတယ်လို့ မြေပြင်သတင်းအရ သိရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီတပ်သည် ဟားခါးနှင့်ထန်တလန်ကြားရှိသီးမြစ်ဒေသသို့ စစ်ကြောင်းစုစုပေါင်းအင်အား၁၅၀ ကျော်ဖြင့်စစ်ကြောင်း နှစ်ကြောင်းခွဲ ထိုးစစ်ဆင်လာ၍ မေလ ၂၉ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
“စစ်ကြောင်းက နှစ်ကြောင်းနဲ့ သူတို့က ထထိုးလာတာ။ သီမြစ်ချောင်း အပေါ်ဘက်က စစ်ကြောင်းတစ်ကြောင်းက ဒီနေ့ တိုက်ပွဲမရှိဘူး။ သီးမြစ်ချောင်းရဲ့ အောက်ဘက် အဲဒီမှာပဲ တိုက်ပွဲရှိနေတယ်။ အဓိကတော့ ဟားခါးထန်တလန်ကြားဆိုပေမယ့် ဟားခါးမြို့နယ်ထဲမှာပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၂၉ရက်မတိုင်ခင်ကလည်း အဆိုပါဒေသသို့ လေကြောင်း မှတိုက်ခိုက်ခဲ့သည်။ထို့နောက်မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်လာရာ ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံချင်းကာကွယ်ရေးတပ်(CDF) တပ်များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။ တိုက်ပွဲပထမရက်တွင်ချင်းတပ်ဖွဲ့မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှလည်း သေဆုံးထိခိုက်များပြားလျက်ရှိရာ ၅၀ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူကပြေကြားသည်။
