ယင်းမာပင်နယ် ကပိုင်ရွာကို စစ်ကောင်စီတပ် တိုက်လေယာဥ်သုံးစင်းနဲ့ ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကပိုင်ရွာကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းနဲ့ နေ့ခင်းမှာ ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အနီးဝန်းကျင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။ ကပိုင်ရွာခံတွေကို ဆက်သွယ်တာမရသေးလို့ မြေပြင်အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ရှင်းပြပါတယ်။ ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ကပိုင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

မြ၀တီ စစ်ကောင်စီစခန်းသုံးခုကို တိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၉ ဦးထက်မနည်းသေဟုဆို
ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က မြ၀တီမြို့ တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ တိုက်ပွဲဝင် ဒရုန်းတပ်ဖွဲ့ Federal Wings က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်းတို့ကို မေလ ၂၃ ရက်မှစတင်ပြီး KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈)နဲ့ Federal Wings Drone တပ်ဖွဲ့များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆင်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ ကနဲလေးစခန်းမှ တပ်ရင်းမှူးတစ်ဦး အပါအဝင် ၉ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ ဝေါ်လေဗျူဟာကုန်းနဲ့ မော်ခီးစခန်းတို့ရှိ စစ်ကောင်စီတပ် အထိအခိုက်စာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ပါတယ်။

ကျွန်းစုမြို့နယ်မှာ စက်လှေနဲ့လာတဲ့ စစ်တပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ရေကြောင်းမှ စက်လှေနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီစစ်ဒေသခွဲ စစ်ရေးတာဝန်ခံကပြောပါတယ်။ မေလ ၂၆ ရက် နေ့ခင်းက အင်အား ၂၀ ခန့်လိုက်ပါလာတဲ့ စစ်ကောင်စီစက်လှေတစ်စီးကို ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအနီးမှာ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂)နဲ့ တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ထိခိုက်မှုကိုအသေးစိတ်မပြောနိုင်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုလုံးဝမရှိခဲ့ဘူးလို့ စစ်ရေးတာ၀န်ခံက ပြောပါတယ်။

ဇနီးထံ အလည်ပြန်လာတဲ့ ယာဉ်ထိန်းရဲ ပစ်သတ်ခံရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဆယ်ပယ်ကျေးရွာရှိ ဇနီးဖြစ်သူထံ အလည်ပြန်လာတဲ့ ယာဉ်ထိန်းရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ မေလ ၂၇ ရက်က ဇနီးဖြစ်သူထံ ပြန်ရောက်နေချိန် ဆယ်ပယ်ရွာနေအိမ်မှာ လူ ၁၀ ဦးခန့်က လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံအချို့က ပြောပါတယ်။ ပစ်ခတ်ခံရလို့ ယာဉ်ထိန်းရဲတပ်ကြပ်ဟာ နေရာမှာတင်ပဲသေဆုံးသွားပါတယ်။
ဒီးမော့ဆိုတိုက်ပွဲ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဆေးတပ်မှ ရဲဘော်နဲ့ ရဲမေ လေးဦးကျဆုံး
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ရဲဘော်နဲ့ ရဲမေ လေးဦးကျဆုံးခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က မနေ့က ထုတ်ပြန်ပါတယ်။ ကျဆုံးခဲ့တဲ့ ရဲဘော်၊ ရဲမေများဟာ တော်လှန်ရေးရဲ့ အရေးပါသော ဆေးကုသရေးကဏ္ဍကို လုပ်ဆောင်နေစဉ်အတွင်း မေလ ၂၇ ရက်က မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တာလို့ ဖော်ပြပါတယ်။ မြင့်မြတ်စွာအသက်ပေးလှူသွားတဲ့ Medic Unit (Demoso) ဆေးတပ်ဖွဲ့ ရဲဘော်၊ ရဲမေများကို တော်လှန်ရေးရဲ့ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ် မီးတင်ရှို့တဲ့ ရေလယ်ကျွန်းမှာ မီးငြှိမ်းတဲ့ ရွာသားတစ်ဦးပစ်သတ်ခံရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ မီးငြှိမ်းနေသူ ဒေသခံရွာသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေက ပြောပါတယ်။ သုံးရက်အတွင်း ဒေသခံပြည်သူ သုံးဦး စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ မိုးဖြူ၊ မိုးကွဲ နဲ့ ချင်းယားကျေးရွာများကို ပစ်ခတ်ဝင်ရောက်နေပြီး ဝါးဘိုးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။

ကနီမှာ ဆင်ဦးစီး CDMမိသားစုဝင် ၁၀၀ကျော် ဆင် ၃၆ ကောင်နဲ့အတူ စားဝတ်နေရေးခက်ခဲနေ
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ပြီးနောက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောတွင်းတစ်နေရာမှာ ဆင်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆင်ဦးစီး CDM မိသားစုဝင် ၁၀၀ ကျော် စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံ ကိုATက ပြောပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနလက်အောက်ရှိ ဆင်ဦးစီးများရဲ့ မိသားစုဝင် ၁၀၃ ဦးဟာ ဆင် ၃၆ကောင်ကိုပါ ထိန်းသိမ်းစောင့်ရှောက်နေရပြီး လက်ရှိမှာ ဝင်ငွေမရှိလို့ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရတယ်လို့ သူကဆိုပါတယ်။ ဆင်ဦးစီး မိသားစုဝင်များရဲ့ စားဝတ်နေရေးအတွက် တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ ကျောက်လုံးကြီး KLG PDFတပ်မဟာအဖွဲ့က မေတ္တာရပ်ခံပါတယ်။

