စစ်ကောင်စီတပ်ပစ်ခတ်၍ ဒေသခံပြည်သူ သုံးဦးသေ၊ ဒဏ်ရာရသူများနှင့် လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသူများရှိဟု အသိပေး
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေရသည့် ဒေသခံပြည်သူနှစ်သောင်းကျော်ရှိရာ ၎င်းတို့ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းကြုံနေရ၍ ကူညီပံ့ပိုးပေးကြရန် ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်သည်။
“ကျနော်တို့ ပြည်သူလူထုမှာတော့ ပြည်သူလူထုပဲရှိတာပေါ့။ ဒီရေလည်ကျွန်းမှာရှိတဲ့ တော်လှန်သော ပြည်သူတွေ ဒုက္ခရောက်နေရင် တခြားမှာရှိတဲ့ တော်လှန်သော ပြည်သူလူထုတွေကပဲ စာနာမှု ကူညီမှု ပေးကြရမှာပေါ့။ ပေးကြဖို့လည်း ကျနော်တို့က တိုက်တွန်းပါတယ်”ဟု ရေစကြို (ပအဖ)ဒုခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
ရေလည်ကျွန်းဒေသည် စစ်ကောင်စီတပ်ရန် အပြင် မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုများရှိခဲ့သည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံလည်းဖြစ်သည့် ရဲဘော်ဝေကြီးက ပြောသည်။

“မိုခါမုန်တိုင်းကြောင့် ကျနော်တို့ဆီမှာ စိုက်ခင်းတွေ ဧကသောင်းချီလည်း ပျက်စီးထားတယ်။ စစ်ကြောင်းထိုးပြီးတော့ မီးတွေနဲ့ရှို့နေတယ်။ ပြည်သူလူထုက စစ်ဘေးတွေလည်းရှောင်နေရတယ်ဆိုတော့ ပုံမှန်ထက်ကို ခက်ခဲတယ်လို့ပြောလို့ရတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။
မေလ ၂၆ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း ဝင်ရောက်ကာ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေစကြို(ပအဖ)က ထုတ်ပြန်သည်။
ရေလည်ကျွန်းဒေသရှိ မိဖုယားရွာ ၊ကျွဲကုန်းရွာ ၊ လှေခုတ်ရွာ ၊နွယ်နီရွာ၊ ဆင်တဲရွာ ၊ ပေါက်အူရွာ တို့ကို မေလ ၂၆ရက်တွင်လည်းကောင်း၊ မြေတော်ရွာ ၊ဆည်သည့်မြင်ရွာ ၊ဘိဇပ်ကုန်းရွာ ၊ မြေစွန်းရွာ၊ညောင်မွှေးပင်ရွာ ၊ကိုင်းရွာ၊ ရေယှားရွာ၊ နန်းဦးရွာတို့ကို ၂၇ရက်တွင်လည်းကောင်း၊ချင်းယားရွာ ၊ မိုးဖြူရွာ ၊မိုးကွဲရွာတို့ကို ၂၈ရက်တွင်လည်းကောင်း၊ နန်းဦးကျေးရွာရှိ ချင်းတွင်းမြစ်ကမ်းတွင်ရပ်နားထားသော စက်လှေ၁၅စီးကိုလည်းကောင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့သည်ဟု အသိပေးထားသည်။
အဆိုပါ ကျေးရွာများနေ ဒေသခံပြည်သူများနှင့် အနီးဝန်းကျင် ရွာများမှ ပြည်သူ ၂၁,၀၀၀ ဦးခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြသည်။
ယနေ့ (မေလ ၂၈ရက်)တွင်လည်း စစ်ကောင်စီ စစ်ကြောင်းများ၏ ပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦးရှိပြီး ပြည်သူအများအပြားမှာလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ထုတ်ပြန်သည်။
ထိခိုက်ဒဏ်ရာ ရရှိထားသော ပြည်သူအချို့အပါအဝင်ပြည်သူများကိုလည်း စစ်ကောင်စီစစ်ကြောင်းများမှ လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်သွားကြသည်ဟုသိရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အဖက်ဖက်မှအကြပ်အတည်းတွေ့နေသော ရေစကြိုမြို့နယ်ရှိ မီးအရှို့ခံပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများ၏ စား ၊ ဝတ် ၊ နေ ရေး အရေးသုံးပါးအတွက် ကိုယ်ချင်းစာတရား ဂရုဏာထားပြီး တတ်အားသရွေ့ထည့်ဝင်လှူဒါန်းကြပါရန် မြို့နယ်(ပအဖ)က တိုက်တွန်းနှိုးဆော်ပန်ကြားထားသည်။
