အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် လက်အောက်ခံတပ်များသည် အပြစ်မဲ့ပြည်သူလူထုများအား ရန်သူသဖွယ် ပစ်မှတ်ထားခဲ့သည်သာမက နိုင်ငံရေးအရအမြတ်ထုတ်ဖို့ရန် အဖျက် အမှောင့် ဗျူဟာများအား စနစ်တကျ စီစဉ်လုပ်ဆောင်လျှက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ထုတ်ပြန်သည်။
ထိုသို့လုပ်ဆောင်ရာ၌ လက်နက်ကြီးများအား ပြည်သူနေမြို့ရွာများအတွင်းသို့ ဦးတည်ပစ်ခတ်၍ တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုကာ ကောက်ကျစ်ယုတ်မာသော ဝါဒဖြန့်မှုများအား အထူးလုပ်ဆောင်လျှက်ရှိနေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယနေ့ (မေလ ၂၉ ရက်) နံနက်တွင် ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ်(၁)ဗျူဟာကုန်းမှ (၁၂၀)မမဖြင့် ကြာအင်းဆိပ်ကြီးမြို့သို့ ရည်ရွယ်ချက်ရှိရှိ စနစ်တစ်ကျ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်၍ စစ်ကောင်စီ တရားရေးဌာနရုံးနှင့် ရဲစခန်းအနားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း၊ အမိုးသွပ်ပြားတစ်ချို့နှင့် စစ်ကောင်စီရဲဌာန မိသားစုများနေထိုင်ရာ အဆောက်အဦးတစ်ချို့ လက်နက်ကြီး ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း နယ်မြေခံပြည်သူများကို ကိုးကားဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် KNUနယ်မြေများရှိ ကျေးရွာများအတွင်းလက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
