ယူကရိန်း စစ်ပွဲရဲ့ အတွေ့အကြုံတွေကို အခြေပြုပြီး အဆင့်မြှင့်ထားတဲ့ AK-12 မျိုးကွဲသစ် ချေမှုန်းရေး ရိုင်ဖယ်တွေကို ရုရှား စစ်လက်နက် ကုမ္ပဏီ Kalashnikovက ထုတ်ဖော် ပြသလိုက်ပါတယ်။
Kalashnikovဟာ ကမ္ဘာကျော် ဂန္ထဝင် စစ်လက်နက် တစ်ခုအဖြစ် သတ်မှတ် ခံခဲ့ရတဲ့ AK-47ကို ဖန်တီး ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဒီဇိုင်းဌာန အကြီးအကဲ ဆာဂျီ အာဇွမ်ဆက်ဗ်က အခု အသစ်မိတ်ဆက်တဲ့ အဆင့် မြှင့်တင်ထားတဲ့ AK-12ဟာ အထူးစစ်ဆင်ရေးက ရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို အခြေခံပြီး ပိုမို အစွမ်းထက်အောင် ဖန်တီးထားကြောင်း ရုရှား သတင်းဌာန Tassကို ပြောကြားခဲ့ပါတယ်။ အထူးစစ်ဆင်ရေး ဆိုတာက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကို ရုရှား အစိုးရက တရားဝင် ညွှန်းဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
မျိုးဆက်သစ် AK-12တွေကို ရှေ့တန်း စစ်မျက်နှာတွေဆီ ပို့ဆောင်မှုက လက်ရှိမှာ အစပြုနေပြီလို့လည်း အာဇွမ်ဆက်ဗ်က ပြောပါတယ်။ တိုက်ပွဲကာလတလျှောက် စစ်သည်တွေဆီက ရရှိတဲ့ သဘောထား မှတ်ချက်တွေကို ကောင်းကောင်း အသုံးချပြီး AK-12တွေကို အဆင့်မြှင့်တင်ခဲ့တာလို့ သူက ဆိုပါတယ်။
အသစ် ဖန်တီးထားတဲ့ AK-12တွေမှာ ကျည်နှစ်တောင့်ချင်းစီ ပစ်ခတ်နိုင်တဲ့ ရွေးချယ်မှုကို ဖယ်ရှားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီmodeဟာ လက်နက်ရဲ့ ထိရောက်မှုနဲ့ အသုံးဝင်မှုတွေကို ထိထိရောက်ရောက် မြှင့်တင်နိုင်စွမ်း မရှိတာကြောင့်လို့ Tassမှာ ဖော်ပြထားပါတယ်။
နောက်ထပ် ဒီဇိုင်းပိုင်း အနုစိတ် ပြောင်းလဲမှုတွေကတော့ ရိုင်ဖယ် သေနတ်ကို ကိုင်တွယ် အသုံးပြုရာမှာ ပိုချောမွေ့ လွယ်ကူလာအောင် အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။ သေနတ်ရဲ့ ကိုယ်ထည်ဒီဇိုင်းက ချိန်ကွင်း၊ မှန်ပြောင်း၊ ရှေ့ဖက်လက်ကိုင်၊ ဓာတ်မီး၊ လေဆာမီးအလင်းတန်း၊ အသံတိတ် ကိရိယာ၊ ကျည်ဆန် မီးမပွင့်တဲ့ ကိရိယာတွေ တပ်ဆင်နိုင်အောင် ဖန်တီးထားပါတယ်။
၅.၄၅ မီလီမီတာ ကျည်ဆန်နဲ့ ပစ်ခတ်ရတဲ့ AK-12တွေဟာ ရုရှား ခြေလျင်တပ်တွေနဲ့ တခြား တပ်ဖွဲ့အတော်များများရဲ့ စံပြုလက်နက် ဖြစ်တယ်လို့ Kalashnikov ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရုရှားစစ်တပ်ဟာ AK-12တွေကို ၂၀၁၈ ကစလို့ စံပြုလက်နက် အဖြစ် တပ်ဆင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Kalashnikovက ကုမ္ပဏီဟာ စစ်သုံး ဒရုန်းတွေ ထုတ်လုပ်တဲ့ ဌာနခွဲ တစ်ခုကို စတင် ထူထောင်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။ အဲဒီ ဌာနခွဲဟာ မြေပြင် အခြေစိုက် လှုပ်ရှားနိုင်တဲ့ ဒရုန်းတွေ ထုတ်လုပ်ရေးကို အာရုံစိုက်သွားမယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။ အဲဒီ ကုမ္ပဏီဟာ ပျံသန်းနိုင်တဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ ယူနစ်တစ်ခုကိုလည်း လုပ်ငန်း လည်ပတ်နေပြီး ဖြစ်ကြောင်း သိရပါတယ်။
