▪︎သိန်းသောင်းချီတန်သော ကျောက်စိမ်းတုံး ၊ရွှေချောင်းများနှင့် တန်ဖိုးကြီးကားနှစ်စီးကိုဓါးပြတိုက်သူများယူသွား
ဖားကန့်မြို့တွင် ယမန်နေ့ညက ကျောက်သူဌေးတစ်ဦးဓားပြတိုက်ခံရပြီး ကျပ်သိန်းတစ်သောင်းခွဲတန်ကြေးရှိသော ကျောက်စိမ်းတုံးနှင့်ရွှေချောင်းအပြင်တန်ဖိုးကြီးကားနှစ်စီးကိုပါ ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။
“ကျောက်တွေ ဝယ်စုနေတဲ့ တရုတ်လောပန်းအိမ်ဓားပြအတိုက်ခံရတာ။ လူ ၆ ယောက်ပါတယ်တဲ့။ ကျောက်စိမ်းတုံးရော ရွှေချောင်းတွေရောပါသွားတယ်တဲ့”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။
ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရှမ်းကုန်းအနီး နေသူ ကျောက်သူဌေး အားဖုန် ၏ အိမ်ကို မေလ ၂၈ရက် ည ၉နာရီခန့်တွင် လူ ၆ ဦးကဓားပြဝင်တိုက်ခြင်းဖြစ်ကြောင်းသိ သိရသည်။
အားဖုန်အိမ်မှ ကျပ်သိန်း တစ်သောင်းခွဲတန်ကြေးရှိကျောက်စိမ်းတုံးတစ်တုံး၊ ကျပ်သိန်း လေးထောင်ခန့်ရှိသောရွှေချောင်းအချို့နှင့် တစ်စီးလျှင် ကျပ်သိန်း သုံးထောင်ခန့်တန်ကြေးရှိသော မော်ဒယ်မြင့်ကားနှစ်စီးကို ဓားပြအဖွဲ့က ယူဆောင်သွားကြောင်း ရှမ်းကုန်းအနီးနေသူများကပြောသည်။
အဆိုပါဓါးပြမှုတွင် ကျောက်သူဌေး နှင့်ဆက်စပ်သော အတွင်းလူပါနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်လည်း လိုအပ်သော စုံစမ်းထောက်လှန်းမှုများ ပြုလုပ်နေသည်ဟု ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။
“ကျွန်တော်တို့ စုံစမ်းကြည့်တာ အတွင်းလူပါနိုင်တယ်လို့ သိရတယ်။ ရဲဘော်တွေ လိုက်နေကြပါပြီ။ဖားကန့်မှာခဏခဏဖြစ်နေတဲ့ ဓားပြမှုတွေရဲ့ လက်သည်တရားခံကို ဖော်ထုတ်ဖို့လိုပါတယ်”ဟု အဆိုပါထောက်ပို့ရဲဘော်ကပြောသည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ရာဇဝတ်မှုများထူပြောလာရာ ဖားကန့်သည် ရာဇဝတ်မှုအများဆုံးဖြစ်နေသောဒေသဖြစ်သည်။ရွှေဆိုင်များ၊ကျောက်သူဌေးအိမ်များ မကြာခဏ ဓားပြတိုက်ခံနေရသည်။ ဓားပြတိုက်မှုဖြစ်စဉ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက သံသယရှိနေသည်။
