▪︎ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ခန့် ပြာကျပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (မေလ ၁၁ရက်) ညနေပိုင်းက မီးရှို့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုစံလင်းဆိုသူပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

” ရွာတစ်ဝက်လောက်ကမီးထဲပါသွားပါတယ်။ မီးထဲပါသွားတဲ့ ရွာမြောက်ခြမ်းက လက်လုပ် လက်စားတွေများပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညကပင် စစ်ကောင်စီတပ်သည် ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက် သုံးခုအား မီးဝင်ရှို့ရာ နေအိမ် ငါးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ချောင်းဦးမြို့နယ်တွင် မေလ ၉ ရက်က စျေးဝယ်လာသော စစ်သားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကာ မေလ၁၀ ရက်ကလည်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။
