ထန်းတပင်မြို့နယ်မှာ စစ်တပ်က ကလေးငယ် လေးဦးအပါအဝင် ပြည်သူ ၁၈ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်
ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ(၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မေလ ၁၀ ရက် မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာ ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာမှာ KNU၊ PDFပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ဖက် ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ခန့်ထိခိုက်သေဆုံးကာ ဗိုလ်သုံးဦးဖမ်းဆီးခံခဲ့ရပါတယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ညောင်ပင်သာမြောက်ကမ်းမှ ကလေးလေးဦး အပါအဝင် အပြစ်မဲ့ပြည်သူ(၁၈)ဦးကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သွားတာလို့ ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေထဲ ကလေးငယ် လေးဦး ၊အမျိုးသမီး ကိုးဦးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တာတွေ့ရပါတယ်။

သံတမန်ယာဉ်တန်းတိုက်ခိုက်မှု PNO လုပ်ဆောင်ခြင်းဖြစ်၊ နောက်ကွယ်ကစေခိုင်းမှုရှိဟု PNFC ထုတ်ပြန်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားနယ်မြေသို့ လာရောက်တဲ့ အာဆီယံသံတမန်ယာဉ်တန်းကို တိုက်ခိုက်မှုကျူးလွန်ခဲ့သူများမှာ ဒေသခံဌာနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့(PNO) ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က မနေ့ကထုတ်ပြန်ပါတယ်။ သံတမန်ယာဥ်တန်းပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်သူများကို ပြင်းထန်စွာရှုတ်ချကြောင်း PNFCက ဖော်ပြပါတယ်။ အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရတဲ့ ဒေသခံ ပအိုဝ်းပြည်သူများရဲ့ ပြောဆိုချက်အရ ဒေသခံဌာနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ရာမှာ နောက်ကွယ်ကစေခိုင်းတဲ့အခြေအနေရှိတယ်လို့ PNFCက ဆိုပါတယ်။

တောင်စလုံးတိုက်ပွဲ KNDFတပ်ရင်း-၁၁ တပ်ရင်းမှူး ကျဆုံးခဲ့
ရှမ်း-ကရင်နီပြည်နယ်အစပ် တောင်စလုံးတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၁မှ တပ်ရင်းမှူး ကျဆုံးတယ်လို့ အဲဒီတပ်ရင်းက ထုတ်ပြန်ပါတယ်။ မေလ ၈ ရက်က ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီကို တိုက်ခိုက်ရင်း KNDF B/11မှ တပ်ရင်းမှူးအန်းဂျလို(လို့) ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်တစ်ရက် မနက်မှာ ကျဆုံးခဲ့တာပါ။ ထိတွေ့မှုတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အဆမတန်သုံးပစ်ခတ်နေလို့ အခုလို ကျဆုံးမှုအချို့ရှိတာလို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

ဖားကန့်နယ် ဆိပ်မူနယ်မြေရဲကင်းကို စစ်ကောင်စီ စွန့်ခွာ
ကချင်မြို့နယ်၊ ဖားကန့်မြို့နယ်ရှိ ဆိပ်မူနယ်မြေရဲကင်းစခန်းကို စစ်ကောင်စီလက်ပါးစေများက စွန့်ခွာသွားပြီး စခန်းမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများနဲ့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဆိပ်မူရဲကင်းစခန်းကို စစ်ကောင်စီတပ်နဲ့ ရဲများက မနေ့က စွန့်ခွာသွားပြီး ဒီနေ့ မနက်မှာ စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဆိပ်မူရဲကင်းဟာ ဖားကန့်မှာ စစ်ကောင်စီအထိုင်ချထားတဲ့ နေရာဖြစ်ပြီး မည်သည့်အတွက်ကြောင့် စွန့်ခွာသွားတယ်ဆိုတာ မသိရသေးပါဘူး။
ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်သုံးခုကို စစ်ကောင်စီတပ် မီးရှို့
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်သုံးခုကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ ပြည်သူ နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မေလ ၉ နဲ့ ၁၀ ရက်က မုံရွာနဲ့ ချောင်းဦးမြို့နယ်တို့မှာ မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက် သုံးခုနဲ့ ငါးယှန်ကျေးရွာကိုလည်းကောင်း၊ မုံရွာမြို့နယ်ရှိ ကွမ်းခြံများကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့တာပါ။ ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ ခန့် ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိုင်နယ် ရိက္ခာသယ်တဲ့ ပျူကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးလုံးပျက်စီး
မကွေးတိုင်း၊ မြိုင်မှ ပခုက္ကူသို့ ရိက္ခာယူဖို့ ထွက်လာတဲ့ ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်လုံးပျက်စီးပြီး ပျူစောထီး အနည်းဆုံးတစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။ သရက်ကန်ပျူစောထီးစခန်းမှ ပခုက္ကူကို မနေ့ မနက်ပိုင်းက ရိက္ခာယူဖို့ ထွက်လာတဲ့ ကားနဲ့ ကင်းပုန်းယူဖို့လာတဲ့ ပျူစောထီးများကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ပျူစောထီး ကိုလတ်ဆိုသူ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားမှာ လုံးဝပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်မိုး ဗုံးခွဲတိုက်ခိုက်ခံရမှု ဒဏ်ရာနဲ့သေဆုံး
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ PDFများက စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မိုးဟာ မေလ ၉ ရက်မှာ သေ ဆုံးခဲ့တယ်လို့ ဒေသခံအချို့နဲ့ PDF အချို့ကပြောပါတယ်။ မေလ ၇ ရက် မနက်က ကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာအပြင်းအထန်ရရှိလို့ ဆေးကုသမှုခံနေရင်း ရဲမှူးကျော်မိုးသေဆုံးသွားတာလို့ ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ ရဲအုပ်ကိုကိုလင်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
