စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းလာရှာသော စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (မေလ ၅ရက်) နံနက် ၁၀နာရီကျော်က မုံရွာ – မန္တလေးလမ်းတစ်လျှောက် မိုင်းရှာထွက်လာသော အင်အား (၃၀)ပါ စစ်ကောင်စီတပ်အား ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာကြားရှိ မိုင်းကွင်းပေါ်အရောက် ပဒေသာမိုင်း (၈)လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးမှုများနိုင်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ခံကဆိုသည်။
စစ်ကောင်စီယာဥ်တန်းများမဖြတ်သန်းမီ ကြိုတင်မိုင်းရှင်းလေ့ရှိပြီး ထိုစစ်ကြောင်းသည် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှ ခြေလျင်ဖြင့်မိုင်းရှာထွက်လာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“သူတို့မိုင်းရှင်ပြီးရင်တော့ စစ်ကောင်စီတပ်ယာဥ်တန်းတွေ ဖြတ်တတ်တယ်။ အခု လောလောဆယ်ထိတော့ စခယာဥ်တန်းဖြတ်တာမရှိသေးဘူး။ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်သားတွေကို ချောင်းဦးဘက်ကို ၁၄ပေကားနဲ့ တင်သွားပြီး ချောင်းဦးမြို့အရောက်မှာ ကျန်းမာရေးကား နှစ်စီးနဲ့ မုံရွာဘက်ကိုသယ်သွားတယ်လို့ သတင်းရပါတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People’s Defence Force TGR) ၊ မြင်းမူမြို့နယ် ပ.က.ဖ၊ People’s Defence Force Myinmu-MMU PDF စသည့် မဟာမိတ်(၄)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။
ယမန်နေ့ (မေလ ၄ရက်) နံနက် ၁နာရီခန့်လည်း မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ဦးတည်ထွက်ခွာလာသော အင်အား၉၀ခန့်ပါ စစ်ကားသုံးစီးအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းနှစ်ကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့သေးသည်။
