ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့အရှေ့ဘက်သို့စစ်ကောင်စီ စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာသဖြင့်တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က ပြောသည်။
ဒေါညေးခူ နှင့် ဒေါဆိုဖျ ကျေးရွာများအတွင်းသို့ မေ လ (၂)ရက်ကစ၍ စစ်ကောင်စီ၏ စစ်ကြောင်းများ ပြန်လည်ဝင်ရောက်လာ၍ တပ်စွဲခြင်းများ လုပ်ဆောင်နေခြင်းဟုအသိပေးလာသည်။
ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိကြောင်းသိရသည်။
ဧပြီလ နောက်ဆုံးအပတ်တွင် ကရင်နီတပ်ပေါင်းစု၏ ခြေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏စစ်ကြောင်း များမှာ ဒေါညေးခူကျေးရွာ မှ ဆုတ်ခွာ၍ ဒေါညေးခူ -နှင့် ဘောလခဲ ကြားရှိ တောင်ကြောပေါ်သို့ ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ဆုတ်ခွာသွားပြီး မေ လ ၂ ရက်တွင် ဒေါညေးခူ ကျေးရွာသို့ပြန်ဝင်လာကြခြင်းဖြစ်သည်။

“တစ်ဗျူဟာ တပ်ရင်းသုံးခု ဝင်လာတဲ့ ဒေါညေးခူ က စကစ စစ်ကြောင်းက ဘောလခဲ အခြေစိုက်တပ်တွေနဲ့ ပြန်ပေါင်းပြီး ဝင်လာတယ်လို့ပဲ ကနဦးယူဆတယ်။ ပြန်ဝင်လာရတဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။သူတို့ဘက်က ဆက်တိုးလာမယ်ဆိုတာပဲလေ။ဒါကြောင့် တိုက်ပွဲတွေကတော့ ဆက်ပြင်းထန်လိမ့်မယ်”ဟု KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။
ထို့ကြောင့် ပြည်သူများ ၊ ဒေသခံကျေးရွာသားများ အနေဖြင့် ဒေါညေးခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်းသို့ ဆန်စပါး ပြန်သယ်ခြင်း ၊ နေအိမ်များအား ပြန်လာကြည့်ခြင်း ၊ကျေးရွာထဲသို့ ဝင်ရောက်ခြင်းများမပြုလုပ်ရန် KNDFက တိုက်တွန်းထားသည်။
ထို့အပြင် လတ်တလောအခြေနေအရ အချိန်မရွေးတိုက်ပွဲများ ဖြစ်လာနိုင်၍ အထက်ပါ နေရာများအနီး ဖြတ်သန်းသွားလာခြင်းများကို မပြုလုပ်ရန် မေတ္တာရပ်ခံသည်။
ဧပြီ ၁၆ ရက်မှ ၁၈ ရက်အထိဖြစ်ပွားခဲ့သောဒေါညေးခူတိုက်ပွဲများတွင် စစ်ကြောင်းမှူးများအပါအဝင် စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၂၄ လက် ၊ခဲယမ်းမီးကျောက်များအပါအဝင် စစ်တပ်မသုံးပစ္စည်းများစွာသိမ်းဆည်းနိုင်ခဲ့သည်။
ထို့အပြင် ဧပြီလ (၁၉) ရက်က ဘောလခဲ နှင့် ဒေါညေးခူရွာ ကြား၌ စစ်ကောင်စီ၏ ခလရ (၈၀)တပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား (၈)ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်။လက်နက်ငယ် ၆ လက် ကျည်ဘောက် (၁၇) ခု နှင့် ကျည်အချို့တို့အား ကရင်နီတပ်များက သိမ်းဆည်း ရရှိခဲ့သည်။
