အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ တနှစ်မဟာဗျုဟာနှင့်အညီ စစ်ရေးရည်မှန်းချက်ကို ရေးဆွဲချမှတ်ထားပြီး စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ရာ ယခုနှစ်လေးလအတွင်း စစ်ကောင်စီဘက်က လေးထောင်နီးပါး သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က ယနေ့ ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း အတည်ပြုနိုင်ခဲ့သည့် စစ်ဆင်ရေးများအနေဖြင့် မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်၊ စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်၊ အရေးကြီးပစ်မှတ် တိုက်ခိုက်မှု (၂၆) ကြိမ်နှင့် မြေပြင်ထိတွေ့ တိုက်ပွဲ အကြိမ်ရေ များစွာ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ရန်သူ့တပ်နှင့်၄င်းတို့ကို ထောက်ခံသူအင်အား (၃၉၄၈) ဦး ကို သေဆုံးစေခဲ့ပြီး (၁၇၆၀) ဦး ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် တော်လှန်ရေးရဲဘော်များ ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။
အဆိုပါစစ်ဆင်ရေးများမှာ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊တော်လှန်ရေးအင်အားစုများနှင့် PDF များ ၊ပကဖများပူးပေါင်းတိုက်ခိုက်သောစစ်ဆင်ရေးများပါသလို ၊PDF ၊ပကဖများတိုက်ခိုက်သောစစ်ဆင်ရေးများလည်းပါကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

ယခုနှစ် ပထမ လေးလတာ ကာလအတွင်းတွင် ရန်သူ့တပ်ကို ပြည်သူ့စစ်မဟာဗျုဟာနှင့်အညီ ထိုးစစ်အသွင်ဆောင်သော ပြောက်ကျားစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုအသိပေးထားသည်။
ရန်သူ့တပ်၏ ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်များကို Drone၊ ရှော့တိုက်ဒုံးနှင့်တာဝေးပစ် Rocket များအသုံးပြု၍တိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

စစ်ဆင်ရေးများကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) များတွင် ဖော်ဆောင်တိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တပ်တွင်းသတင်းအရင်းအမြစ်များနှင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၊ မဟာမိတ်အဖွဲ့အစည်းများကို လေးစားစွာဖြင့် အသိအမှတ်ပြု ဂုဏ်ယူကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က ထုတ်ပြန်သည်။

PDF များစတင်ထူထောင်ခြင်း ၂ နှစ်ပြည့်ချိန်တွင် တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်၊ရပ်ရွာ အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များကို မြို့နယ်ပေါင်း ၂၅၀ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသည်ဟုNUGကထုတ်ပြန်သည်။
ထိုကြောင့်လူအင်အားအရ ရန်သူ့ထက် သာလွန်အင်အားဖြစ်အောင် ၂နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

စစ်မဟာဗျူဟာအရ ခံစစ်ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလ သို့ အပြည့်အ၀ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။
နောက်ဆုံးအဆင့်ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ သို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာ မြောက် စစ်လက်နက်ပစ္စည်းများ ရှာဖွေတပ်ဆင်မှုကို အားစိုက် ဆောင်ရွက်လျက်ရှိကြောင်း NUGအသိပေးသည်။
စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအမံအရ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းအဆင့်မှ ထိုးစစ်ဆင်သည့်အဆင့်သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးနေဘုန်းလတ်ကပြောသည်။

“Defensive ကနေ offensive ကိုသွားမယ်ဆိုတဲ့ကိစ္စ ဒါဟာ ကျနော်တို့ စစ်ရေးနည်းဗျူဟာအရ ကျနော်တို့ဟာ ကာကွယ်မှုဆိုတဲ့ အဆင့်ကနေ တဆင့်ထပ်တိုးပြီး အကြိုထိုးစစ်ကာလကနေ နောက်ပိုင်းမှာ ထိုးစစ်ကာလကိုဆက်သွားဖို့ ဆိုတဲ့ကိစ္စကို ပြင်ဆင်နေတယ်” ဟု ဦးနေဘုန်းလတ်ကNUG ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့်၄ လတာအတွင်းစစ်ဆင်ရေးပြအခြေအနေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-NUG ၊PDF)
