စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခံရသော ဒေသခံပြည်သူများ၏ နေအိမ်များပြန်လည်တည်ဆောက်ပေးမှု အလုံးရေ ၆၀၀ ပြည့်မြောက်ခဲ့ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် လေးမြို့နယ်မှ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ကျေးရွာပေါင်း ၃၈ ရွာ၏ နေအိမ်အလုံးရေ ၆၀၀ ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း S&Cအဖွဲ့က ပြောသည်။
“အိမ်လေးတွေ တည်ဆောက်ရာမှာ အဓိက ကျတဲ့ ငွေကြေးအခက်အခဲများ၊သွားလာရခက်ခဲတဲ့နေရာတွေ၊ အသက်ဘေးအန္တရာယ် အခက်အခဲတွေ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ စသည်ဖြင့် အခက်အခဲ မျိုးစုံ ကြားကနေပြီး ဒုက္ခရောက်နေရတဲ့ မီးရှို့ခံ ပြည်သူများအတွက် နားခိုစရာ အရိပ်အဖြစ် အိမ်လေးတွေ တည်ဆောက်ပေးနိုင်ခဲ့ပါပြီ။”ဟု S&C အဖွဲ့က အသိပေးသည်။
“လေးလအတွင်းတည်ဆောက်ပေးခဲ့တာပါ။ တစ်ထောင်ရည်မှန်းထားတော့ ကျန်တာတွေကို နှစ်လအတွင်း အပြီးဆောက်မယ်လို့မျှော်မှန်းထားပါတယ်။ ဆောက်ရမယ်ဆိုရင်တော့ တစ်ထောင်ကျော်မှာ။ ဘဏ္ဍာရေးအခြေအနေကြောင့်သာအတိအကျမပြောနိုင်တာပါ။ တစ်ထောင်ကတော့သေချာပေါက်ပြည့်မှာပါ။”ဟု S&C အဖွဲ့တာဝန်ခံက ပြောသည်။
နေအိမ်များအား ပြည်သူသို့အပ်နှံသည့်အခါတွင် အိမ်ရှင်က သစ်ပင် ၅ပင် မဖြစ်မနေ စိုက်ပေးရန် မေတ္တာရပ်ခံခဲ့ပြီး အညာမြေပြန်လည် စိမ်းလန်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း S&Cအဖွဲ့က ပြောသည်။
ထို့အပြင် နေအိမ်လှူဒါန်းလိုပါက S&C အဖွဲ့ထံ ဆက်သွယ်နိုင်ပြီး တစ်အိမ်လျှင် ကျပ်နှစ်သိန်းသုံးသောင်းနှုန်းဖြင့် လှူဒါန်းနိုင်သည်။
S&C မီးဘေးစစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေးအဖွဲ့သည် ယခုလက်ရှိတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄မြို့နယ်၊ ကျေးရွာ ၁၈ရွာ၊ အိမ်ထောင်စု စုစုပေါင်း၃၅၀စုတွက် ဆန်ဆီဆားများပါ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် နေအိမ်များ၊ စာသင်ဆောင်များ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးနေသည်။
