စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း၌ ၅ လခန့်အတွင်း မြွေဆိုးကိုက်ခံရသည့် စစ်ဘေးရှောင်ပြည်သူ ၆၀ ကျော်ရှိပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
၂၀၂၁ နှစ်ကုန်ပိုင်းမှ ၂၀၂၃ ဧပြီအထိ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအထိရှိပြီးအချိန်မီကုသပေးနိုင်၍ အများစုအား အသက်ကယ်တင်ခဲ့နိုင်သော်လည်း အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး အပါအဝင် ခြောက်ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ စာရင်းများအပေါ်အခြေခံကာ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ လျှော်ဖြူကုန်းနှင့် ဝက်သအင်းကျေးရွာမှ (၉)နှစ်ဝန်းကျင်အရွယ်များဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် တောတိုက်များအတွင်း တိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ စစ်ကောင်စီတပ်ဖွဲ့များက ညမထွက်ရအမိန့် ကန့်သတ်ထားချက်ကြောင့် လုံလောက်သည့် ဆေးဝါးကုသမှုမရသဖြင့် သေဆုံးခဲ့ရခြင်းလည်းဖြစ်ကြောင်း၊ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအနက် ၄၅ ဦးမှာ အမျိုးသားများဖြစ်ကာ ကျန် ၁၆ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
“အဓိကက ဆေးဝါးလိုအပ်တယ်။အိန္ဒိယဆေးနဲ့ BPI မြွေဆိပ်ဖြေဆေးတွေလိုတယ်။ အချိန်မီထိုးနှံပေးနိုင်ရင်တော့အဆင်ပြေတယ်။”ဟု ကန့်ဘလူနယ်မြောက်ခြမ်းတွင် ကူညီဆောင်ရွက်ပေးနေသူ ကိုဂျောင်ဒီအွန်က ပြောသည်။
မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားသည့် ကျေးရွာမှာ အလယ်ခုံကျေးရွာ၌ဖြစ်ကာ ယင်းတစ်ရွာတည်း၌ ခုနစ်ကြိမ်အထိ ရှိခဲ့သည်။
ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်မှု လေးခု ဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံစစ်ရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာများအပြင် မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေရသည်။
