▪︎အရောင်းကိုယ်စားလှယ် ၆၀ ခန့်ဆီတွင် စာရင်းကြိုသွင်း၍ဝယ်ယူနေကြကြောင်းကိုယ်စားလှယ်တစ်ဦးပြော
နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ်နွေဦးအင်းလျားကွန်ဒိုခန်းများရောင်းချရာ ၁၂နာရီအတွင်း ဒေါ်လာ ၆ သန်းကျော်ရောင်းချနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ရန်ပုံငွေရှာဖွေရေးအဖွဲ့ (EOD)ကယနေ့ထုတ်ပြန်ကြေညာသည်။
နွေဦးတော်လှန်ရေးတိုက်ပွဲအဆုံးအဖြစ်နှစ်အတွက် Spring Yangon Phase III ဒုတိယမြောက်အစီအစဉ်အနေဖြင့် နွေဦးအင်းလျားကွန်ဒိုကို ဧပြီ ၂၉ ရက်တွင် စတင်ရောင်းချနေခြင်းဖြစ်သည်။
“ကိုယ်စားလှယ် ၆၀ လောက်ဆီမှာ စာရင်းကြိုသွင်းပြီးဝယ်ကြတာ။ အခုထိတော့ စာရင်းသွင်းနေဆဲပါ ”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။
ထိုစီမံကိန်းသည် ပါရမီလမ်းပေါ်ရှိစစ်တပ်သိမ်းယူထားသောမြေဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက်တွင်ဆောက်လုပ်မည်ဖြစ်သည်။ အင်းလျားကန်စောင်းတွင် ရှားပါးမြေနေရာကျယ်ဖြစ်သည်ဟုလည်းNUGကဆိုသည်။
“တော်လှန်ရေးကာလအထွတ်အထိပ်ရောက်နေချိန်မှာအရေးတကြီးလိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံအားဖြည့် ထောက်ကူ ပေးခဲ့ကြတဲ့ တော်လှန်ပြည်သူများအားလုံးကို တန်ဖိုးထား ဦးညွတ်လိုပါတယ်”ဟုNUGရှယ်ယာရောင်းချရေးအဖွဲ့ကဖော်ပြသည်။
အမျိုးအစား ၃ခုပါသည့် တိုက်ခန်းပေါင်း ၇၅၀ကိုရောင်းချနေခြင်းဖြစ်ပြီး တိုက်ခန်းတစ်ခန်းလျှင်(အိပ်ခန်းတစ်ခန်းပါ) ဒေါ်လာ၂၉,၂၅၀ ၊ (အိပ်ခန်း ၂ ခန်းပါ)ဒေါ်လာ ၄၂,၀၀၀ နှင့် (အိပ်ခန်း ၃ ခန်းပါ)ဒေါ်လာ ၅၄,၀၀၀ တို့ဖြစ်သည်။ တော်လှန်ရေးကာလအတွင်း ထိုပမာဏ၏ ၄၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်သည်။
စီမံကိန်းတန်ဖိုးသည် ဒေါ်လာ ၃၃သန်းကျော်ရှိပြီး တိုက်ခန်းအားလုံးရောင်းချပြီးပါက NUGက တော်လှန်ရေးရန်ပုံငွေအဖြစ် တော်လှန်ရေးကာလအတွင်း ဒေါ်လာ ၁၃သန်းခွဲ ရရှိမည်ဖြစ်သည်။
NUGက နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားရယူထားသည့် အင်းလျားလမ်းအိမ်နံပတ် ၁၄ ကိုရှယ်ယာတစ်စုကို ဒေါ်လာ ၁၀၀ဖြင့် အစုရှယ်ယာ ၁၃၉,၆၆၂ ၊ မန္တလေးနှင့်ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်မြေကွက်၂၅၈၆ ကွက်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကွန်ဒို တိုက်ခန်း ၉၉၆ ခန်း၊ ရန်ကုန်မြို့၊ လှိုင်သာယာ၊ တောင်ဒဂုံနှင့် မင်္ဂလာဒုံရှိ မြေနေရာများတွင်အကောင်အထည်ဖော်မည့် နွေဦးစံရိပ်မွန် အိမ်ယာစီမံကိန်းများတိုက်ခန်း ၆၉၅၀တို့ကိုရောင်းချခဲ့ပြီးဖြစ်သည်။ အိမ်ရာနှင့် တိုက်ခန်းများ ရောင်းချရမှုမှာ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိပြီးဖြစ်ကြောင်းလည်းသိရသည်။
