▪︎မြေပြင်အခြေနေအရ သက်သေခံပစ္စည်းနှင့် ထွက်ဆိုချက်များလွှဲပြောင်းရယူရာတွင် အချိန်ကြံ့ကြာနေခြင်းခြင်းဖြစ်ဟုဆို
▪︎တော်လှန်ရေးတရပ်နှင့်လူထုလုံခြုံရေးဆိုသည်မှာတဆက်တစပ်တည်းရှိရမည်ဖြစ်ပါ၍ယခုဖြစ်စဉ်ကိုတာဝန်ရှိသူများက နိုင်ငံရေးအရ၊ စည်းရုံးရေးအရ မှန်မှန်ကန်ကန် စိစစ်ဖြေရှင်းပြီး လူထုထံသို့ တင်ပြသွားသင့်ကြောင်းလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတိုက်တွန်း
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ရပ်ကျေး ပ.က.ဖ အဖွဲ့၀င်လေးဦးက အမျိုးသမီးငယ်လေးဦးအပါအ၀င် ပြည်သူခုနစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည်ဆိုသောဖြစ်ရပ်အပေါ် ပြည်ထဲရေးဌာနမှ အမှုတည်ဆောက် တရားစွဲဆိုပြီး ပြစ်မှုထင်ရှားပါက ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က People’s Spring သတင်းဌာနသို့ ပြောကြားသည်။
အထက်ပါဖြစ်စဉ်မှ ကျူးလွန်သည်ဟုသံသယရှိသူလေးဦးကို အခင်းဖြစ်ပြီးရက်ပိုင်းအကြာတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး အမှုတည်ဆောက်တရား စွဲဆိုရန် NUG အစိုးရ ပြည်ထဲရေးနှင့် လူ၀င်မှုကြီး ကြပ်ရေး၀န်ကြီးဌာနကလုပ်ဆောင်ခဲ့သော်လည်းမြေပြင်အခြေအနေများအရ သက်သေခံပစ္စည်းများနှင့် ထွက်ဆိုချက်များအားလွှဲပြောင်းရယူစဉ်ယခုကဲ့သို့အချိန်ကြံ့ကြာခဲ့ရခြင်းဖြစ်ကြောင်း ဦးနေဘုန်းလတ်ကရှင်းပြသည်။
ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ချောင်းဦးမြို့နယ်တွင်အသက် ၁၈ နှစ်အောက်ကလေးငယ် ၄ ဦးအပါအဝင် ၇ ဦးကို လယ်ယာသုံးပစ္စည်းများ ခိုးယူသည်ဟူသော စွပ်စွဲချက်ဖြင့်ဒေသခံများကဖမ်းဆီးပြီး ရပ်ကျေးပကဖထံအပ်နှံခဲ့သည်။ အဆိုပါ ၇ ဦးမှာ စစ်ကိုင်းမြို့နယ်၊ပဲကုတိုကျေးရွာမှဖြစ်ပြီး မမြင့်မိုရ်အေး(၁၅)နှစ်၊မဖြူချစ် (၁၇)နှစ်၊ မစန်းစန်းငယ် (၁၉)နှစ်၊ မဇင်ဇင်မော် (၂၀)နှစ်၊ မောင်အောင်ကိုစန်း (၁၅)နှစ်၊ မောင်သက်ပိုင်ဉီး (၁၆)နှစ်၊ ကရင် (၂၆)နှစ်တို့ဖြစ်ကြောင်းစုံစမ်းသိရ၍ သက်ဆိုင်ရာကျေးရွာသို့ ဆက်သွယ်၍ ရွာမှ အုပမထိန်းသူများက အာမခံပေးရန်နှင့် လာရောက်ခေါ်ယူရန်ဆက်သွယ်အကြောင်းကြားပြီး လွှဲပြောင်းရန် စီစဥ်နေစဥ် ချောင်းဦးမြို့နယ်မှ ရပ်ကျေး ပ.က.ဖ အဖွဲ့၀င်လေးဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုအပြင် မိန်းကလေးငယ်လေးဦးကို မသတ်ခင်အဓ္ဓမပြုကျင့်ခဲ့သေးကြောင်း စုံစမ်းသိရသည်။
“စစ်ကိုင်းဘက်က ကင်းထောက်တယောက်က လှမ်းပြောတာ။ ဒီကလေးတွေထဲမှာ တပ်မ ၃၃ က စစ်သား တယောက်ရဲ့ သားပါတယ်။ ကျန်တဲ့သူတွေကလည်း ဝန်ထမ်းသား၊ သမီးတွေဆိုပြီး။ အဲ့ဒီသတင်းကို ရပ်/ကျေးပကဖက မြို့နယ်ပကဖနဲ့ PDF တပ်ရင်းတွေကို အကြောင်းမကြားဘဲ။ သူတို့ကို အဲ့ဒီလိုသတ်လိုက်တာ” ဟု အဆိုပါဖြစ်စဥ်ကို စုံစမ်းသိရှိထားသော PDF အဖွဲ့ဝင်တဦးကမြေလတ်အသံသတင်ဌာနသို့ပြောကြားခဲ့သည်။
ထို့ကြောင့် သတ်ဖြတ်ခြင်းခံရသည့် အမျိုးသမီးငယ်များနှင့် ပြည်သူခုနစ်ဦး၏ မိသားစု၀င်များက မြို့ နယ်တာ၀န်ရှိသူများထံ အမှုဖွင့်တိုင်ကြားခဲ့ရာ ကနဦးစစ်ဆေးချက်များအရ ကျူးလွန်မှုပေါ်ပေါက်ခဲ့သော် လည်း ယခုအချိန်ထိ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ခြင်းမရှိသေးဘဲ ဖြစ်စဉ်ဖြစ်ပွားပြီး အချိန် (၇)လကျော်ကြာသည့်တိုင် အရေးယူရန် နှောင့် နှေးခဲ့ခြင်းအား ပြည်သူများနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က မေးခွန်းထုတ်ခဲ့ကြသည်။
ယင်းအချက်ကို လူ့ဘောင်သစ်ဒီမိြကရက်တစ်ပါတီကဧပြီ ၂၄ ရက်နေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်ရာတွင် “ထိုလုပ်ရပ်များသည် ပြည်သူလူထုလုံခြုံရေးကို ထိ ပါးခြင်း၊ ပြည်သူလူထု၏ယုံကြည်မှု ပျက်ပြားစေခြင်းနှင့် တော်လှန်ရေးတခုလုံးအတွက် အလွန် အကျည်း တန်စေပါသည်။ ထို့ကြောင့် တာဝန်ရှိသည့် သက် ဆိုင်ရာဌာနအသီးသီးက အသေအချာ စိစစ်အရေးယူပေးရန် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အလေးအနက် တိုက်တွန်းအပ်ပါ သည်”ဟုတိုက်တွန်းထားသည်။
ထို့အပြင် တော်လှန်ရေးတရပ်နှင့် လူထုလုံခြုံရေးဆို သည်မှာ တဆက်တစပ်တည်းရှိရမည်ဖြစ်ပါ၍ ယခုဖြစ်စဉ်ကို တာဝန်ရှိသူများက နိုင်ငံရေးအရ၊ စည်းရုံးရေးအရ မှန်မှန်ကန်ကန် စိစစ်ဖြေရှင်းပြီး လူထုထံသို့ တင်ပြသွားသင့်ကြောင်းလည်း အလေးအနက် တိုက် တွန်းအပ်ပါသည်ဟု လူဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားထုတ်ပြန်ခဲ့သည်။လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် စစ်အုပ်စုအာဏာသိမ်းမှုကိုလက်မခံဘဲ တော်လှန်ရေးအင်အားစုများနှင့်အတူရပ်တည်ခဲ့ပြီး NUCC -အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ပါတီဖြစ်သည်။ပါတီခေါင်းဆောင်အချို့ကိုစစ်တပ်က ဖမ်းဝရမ်းထုတ်ထားပြီး ၊စစ်ကောင်စီထံတွင် ပါတီ မှတ်ပုံမတင်၍ စစ်အုပ်စုကပါတီကိုဖျက်သိမ်းကြောင်းကြေညာထားသည်။
အထက်ပါ အသက်မပြည့်သေးသည့် ကလေးငယ်များအပါအ၀င် ပြည်သူခုနစ်ဦး မတရားသတ်ဖြတ်ခံရသည့်ဖြစ်စဉ်အပေါ် ချောင်းဦးနယ်မှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဦးခေါင်းဆောင်တစ်ဦးကမှတ်ချက်ပေးရာတွင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ရန် အခြေနေတချို့ရှိနေ၍ ညှိနှိုင်းနေရကြောင်း ပြောသည်။
“ပြည်သူကတော့ အမှန်တရားပဲလိုချင်ကြတာပေါ့ဗျာ။ ဒါပေမဲ့ ရပ်ကျေးတွေမှာ တချို့အခြေအနေကအမှန်တရားအတိုင်းဖြစ်မလာတဲ့အခါ ပြည်သူဒုက္ခရောက်တာပေါ့။ အဲဒီအခြေအနေကို အားလုံးလဲသိအောင်၊ ကမ္ဘာကလဲသိအောင် အမှန်တရားအတိုင်းဖြစ်ဖို့ အောက်ခြေမှာနှစ်ဖက်မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းပေးတော့ အဆင်ပြေမလိုဖြစ်ခဲ့တယ်။ ပြောမယ်ဆို အောက်ခြေမှာပဲ ပြေလည်အောင်ညှိကြတာပေါ့။ အခုကြမှ (အရေးယူဆောင်ရွက်ခြင်းမရှိ)ဒီလိုကြီးဖြစ်တော့ တချို့ကလည်း ပြည်သူ့အစိုးရတက်လာမှ ဖြေရှင်းချင်ကြတယ်”ဟု ပြောသည်။
ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပြစ်မှုထင်ရှားပါကလူသတ်၊ မုဒိမ်းကျင့်သည်ဆိုသောလုပ်ရပ်မှာ ကြီးလေးသော ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး မည်သူကျူးလွန်သည်ဖြစ်စေ NUG အစိုးရအနေဖြင့် လုံး၀လက်သင့်ခံမည်မဟုတ်ဘဲ အပြစ်ပေးအရေးယူနိုင်အောင် တရားစီရင်ရေးလမ်းကြောင်းအရ လုပ်ဆောင်သွားမည်ဟု NUG အစိုးရ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
“အခုလက်ရှိ ဖမ်းဆီးထားတဲ့သူတွေဟာ ဒီကိစ္စတွေကို အမှန်တစ်ကယ်ကျူးလွန်ခဲ့တယ်လို့ ပြစ်မှုထင်ရှားရင်ဥပဒေအတိုင်း အမြန်ဆုံးအရေးယူဆောင် ရွက်သွားဖို့လည်းကျွန်တော်တို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု ၎င်းက သတင်းစကားပါးသည်။
စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးလက်ရှိတော်လှန်ရေးကာလတွင် တော်လှန်ရေးနှင့် ဆက်စပ်သူများက ပြည်သူလူထုအပေါ် တရားမဲ့ အနိုင်ကျင့်သတ်ဖြတ်ခဲ့သည့် ချောင်းဦးနယ်မှ ရပ်ကျေး ပ.က.ဖ အဖွဲ့၀င်လေးဦး၏ လုပ်ရပ်ကြောင့် တော်လှန်ရေးနယ် ပယ်မှ အခြားသော တော်လှန်ရဲဘော်များနှင့် ပြည်သူ့အစိုးရ NUG အစိုးရအပေါ် အထင်အမြင်လွှဲမှားမည်ကိုဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကစိုးရိမ်လျှက်ရှိသည်။
