မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ယနေ့နေ့လယ်က နယ်ကျွံဝင်ရောက်လာပြီး စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဧပြီ ၂၇ ရက်) နေ့လယ် ၁၂ နာရီခန့်က ရေစကြိုမြို့ အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများသည် Myingyan Black Tiger (MBT)၏ အမှတ် (၂)စစ်ဆင်ရေးနယ်မြေအတွင်း နယ်ကျွံဝင်ရောက်လာ၍ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အထက်ပါအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လက်ရှိမှာ ရေစကြိုမြို့ပေါ်နေရာတချို့မှာ အမှတ် (၂)စစ်ဆင်ရေးနယ်မြေအဖြစ် ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နယ်မြေရှိတယ်။ အဲဒီနယ်ကိုကျွံဝင်လာတာ။ မိနစ်နှစ်ဆယ်လောက်ကြာတယ်။”ဟု MBT အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းကဆက်လက်ပြီး “ဒီကောင်တွေက မနေ့ကရော၊ ဒီနေ့ရော ရုံးပေါင်းစုံမှာရှိတဲ့ အင်အားနဲ့ မြို့ပေါ်မှာ စစ်ကြောင်းလေးကြောင်းနဲ့ ရပ်ကွက်တွေကို ၀င်စီးနေတာပါဗျ။ အဲဒီအချိန် နယ်မြေကျွံလာတဲ့အတွက် ကျွန်တော်တို့ တပ်ရင်း (၂)က ရဲဘော်တွေက တိုက်ခိုက်ဟန့်တားခဲ့တာပါ”ဟု ပြောသည်။
MBTအဖွဲ့၏ ထိန်းချုပ်နယ်မြေတွင် ရဲဘော်များ လူစုခြင်း၊လက်နက်ကိုင်သွားလာခြင်းများ ပြုလုပ်နိုင်သည့်အခြေအနေရှိနေသည်ဟု ၎င်းက ဆိုသည်။
ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုဆေးရုံပေါ်တွင် အရေးပေါ် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အုပ်စုက အင်အားဖြည့်ကာ မြို့အနှံ့ စစ်ကြောင်းများခွဲ၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
