ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံနှင့် ကံဆီးရွာကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA )၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်တို့ကြား ယနေ့ (ဧပြီလ ၂၅ရက်) နံနက် ၇နာရီခန့်မှစတင်၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။
“၇နာရီ ၁၅ကနေ စဖြစ်တာ။ တိုက်ပွဲက ပြင်းတယ်။ လုံးခင်းနဲ့ ကံဆီးဘက်ကို လာတာမျိုး ဒီမနက် ရှောင်ဖို့လိုတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။ တိုက်ပွဲမှာ ၁၀ နာရီကျော်အထိ့ဖြစ်ပွားနေကြောင်း၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်သည်ဆန်ခါနှင့်မှော်ပုံကျေးရွာမှအရပ်သား၂၁၅ ဦးကိုဧပြီလ ၂၁ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးယနေ့(ဧပြီ ၂၅ ရက်)အထိဆက်လက်ဖမ်းဆီးထားကြောင်းဒေသခံများကပြောသည်။ အဆိုပါပြည်သူများထဲက ၇၀ ဦးခန့်ကို စစ်တပ်ကလူသားဒိုင်းအဖြစ်ခေါ်၍ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“အရပ်သားတွေကိုဖမ်းထားပြီးဒုက္ခပေးနေတာဗျာ။ ထမင်းကိုတောင် မိသားစုက လိုက်ပို့ရတယ်။ နေပူထဲမှာ ကြိုးတုပ်ထားတာ”ဟု မျက်မြင်တွေ့ရှိသော ဒေသခံတစ်ဦးကပြောသည်။
ယနေ့ တိုက်ပွဲသည်ဆက်ဖြစ်နေပြီး ပြင်ထန်နေဆဲဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေအသေးစိပ်ကိုမူ မသိရသေးပေ။
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ယမန်နေ့ဧပြီလ ၂၃ရက်နံနက်အစောပိုင်းကစစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်း၊ ခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအားမြို့ပြပြောက်ကြားအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
ထိုနောက် ဧပြီ ၂၄ရက် နံနက်တွင်စစ်တပ်က ယခင်ကတည်းကဖမ်းဆီးထားသော PDF တစ်ဦးနှင့် အရပ်သားတစ်ဦးကို ပစ်သတ်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်းကို လာချထားခဲ့သည်။ ထိုနောက်ဖားကန့် တွင် စစ်ရေးတင်မာနေပြီး လတ်လောအခြေအနေသည် အလွန်ရှုပ်ထွေးနေသည်ဟု ဒေသခံများကပြောသည်။
(KIA တပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-GettyImages) / စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)
