မန္တလေး မဟာအောင်မြေမြို့နယ်ထဲက KTV ဆိုင် ယာဉ်ရပ်နားရာ နေရာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းက ရန်ပွဲဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။
အခင်းဖြစ်ပွားတဲ့ KTVဟာ မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက် ၅၅လမ်းနဲ့ ၄၂လမ်း ၊၄၃လမ်းကြားမှာရှိတဲ့ဆိုင်ဖြစ်ပါတယ်။
အဲဒီKTV ဆိုင်ရဲ့ ယာဉ်ရပ်နားရာ နေရာမှာ ဧပြီလ ၂၃ ရက် ညပိုင်း ၇ နာရီခန့်က KTV ထဲကထွက်လာတဲ့ ၈ ယောက်အဖွဲ့ ကို ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက ဝင်တိုက်မိရာကနေ စကားများရန်ဖြစ်ကြတာပါ။
ရန်ပွဲမှာ လူ ၈ ဦးအဖွဲ့က သေနတ်နဲ့ ပစ်ပြီး ၊ ဓားနဲ့ခုတ်လို့ ဆိုင်ကယ်စီး အမျိုးသား ၂ ဦး လုံး ဒဏ်ရာရသွားကြတယ်လို့ စစ်ကောင်စီလက်အောက်ခံရဲအဖွဲ့ သတင်းရင်းမြစ်တစ်ဦးထံကသိရပါတယ်။
ဒဏ်ရာရသူ ၂ ဦးအနက် အသက် ၂၃ နှစ်အရွယ်လူငယ်ဟာ ရင်ဘတ်ကို သေနတ်မှန်ပြီး အသက် ၃၀ အရွယ် အမျိုးသားလည်း ခေါင်းကို ဓားနဲ့ခုတ်ခံရတာလို့ သိရပါတယ်။
၂ဦးလုံး စိုးရိမ်ရလို့ မန္တလေး ဆေးရုံကြီးဆီ လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ သေနတ်နဲ့ပစ်ခတ်သူရော ၊ဓားနဲ့ခုတ်သူကိုပါ ချမ်းမြသာစည်မြို့နယ်ထဲက ဟိုတယ်မှာ ဖမ်းမိတယ်လို့ဆိုထားပါတယ်။
