▪︎ဓာတုဗုံးဟုယူဆရသည့် လက်နက်ကြီးအမျိုးအစားပါဝင်ဟု ကော်ဘရာထုတ်ပြန်
ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲကနယ်ဒေသ၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ယမန်နေ့နှင့် ယနေ့ ၂ရက်ဆက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဧပြီ ၂၃ရက်နှင့် ၂၄ရက်တို့တွင် လေကြောင်းနှင့် လက်နက်ကြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟုလည်း အသိပေးသည်။
တော်လှန်ရေးအင်အားစု လုံခြုံရေးယူထားသောနယ်မြေအား ဧပြီ ၂၃ရက်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ဗုံး)ဟုယူဆရသော လက်နက်ကြီးအမျိုးအစားများလည်းပါဝင်ကြောင်း ဖော်ပြသည်။
ဧပြီ ၂၄ရက် နံနက်အစောတွင် ရန်သူဘက်မှတိုက်လေယာဉ်ဖြင့် တော်လှန်ရေးတပ်များ လုံခြုံရေးယူထားသည့် နယ်မြေအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ ဖော်ပြပါအတိုင်း ဓာတုဗုံးဟုယူဆရသော လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဟု ထုတ်ပြန်သည်။
