▪︎ယနေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်အချင်းချင်းလေကြောင်းမှ မှားပစ်၍ အထိနာ
▪︎ဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုသက် ရုပ်အလောင်း ယနေ့ညတွင်Mi-17 ရဟတ်ယာဥ်ဖြင့်သယ်ယူ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင်ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင်သေဆုံးထိခိုက်မှုများ၍လေကြောင်းမှစစ်ကူပေးရာပစ်မှတ်မှားယွင်းတိုက်ခိုက်မိသဖြင့် မြေပြင်မှစစ်ကောင်စီတပ်ကို ထိမှန်ကာ ပိုမိုအထိနာသွားကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကပြောသည်။
ထိုအပြင် ဧပြီ ၂၂ ရက်မှစ၍ သုံးရက်ဆက်ဖြစ်သောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှာ ဗျူဟာမှူး ဗိုလ်မှုးကြီးကိုကိုသက် အပါအဝင်စစ်သား ၅၀ ထက်မနည်းသေဆုံးခဲ့ကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။
“လွန်ခဲ့တဲ့ငါးမိနစ်ကအလောင်းလာကောက်သွား Mi 17 နဲ့”ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring သို့အတည်ပြုသည်။ စစ်တပ်က အချင်းချင်းလေကြောင်းမှ မှားယွင်းပစ်ခတ်မိသည်ကိုလည်း၎င်းကအတည်ပြုသည်။
သေဆုံးသွားသော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက်၏ ရုပ်အလောင်းကို ယနေ့ည ၈ နာရီခွဲဝန်းကျင်တွင် စစ်တပ်က Mi-17 ရဟတ်ယာဥ်ဖြင့်လာသယ်သွားကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကို နိုင်ငံဧရိယာ အများစုတွင် PDF နှင့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များက အရှိနိမြှင့်တိုက်ခိုက်နေရာ ယခုလပိုင်းအတွင်းစစ်တပ်မှ အရာရှိသေဆုံး၊ဒဏ်ရာရမှု သိသိသာသာများလာခြင်းဖြစ်သည်။
“တိုက်ပွဲက သုံးရက်ရှိပြီ ဖြစ်တာ။ ဒီနေ့မှ လေကြောင်းကနေ လာတာ။ ဂျက်ဖိုက်တာ ငါးစီးနဲ့ လာပစ်တာ။ နောက်ဆုံးအစီးက သူ့အချင်းချင်းပြန်ပစ်မိတာ” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရှင်းပြသည်။
ထီးချိုင့်မြို့နယ် ကျုတောင်၊ ဝဲကြီး၊မုဒ်ဝ၊ တောမ၊ ဖုန်ကုန်းရွာအနီးနေရာများတွင် ဧပြီ၂၂ရက်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။ သုံးရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျုဟာမှုးအပါအဝင် ၅၀ထက်မနည်းသေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။စစ်ကောင်စီဘက်က အလွန်အထိနာ၍ ဂျက်ဖိုက်တာ ငါးစီးအထိ သုံးပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သေဆုံးမှုအရေအတွက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
သေဆုံးဒဏ်ရာရသူများနေသောစစ်ကောင်စီတပ်က ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး မုဒ်ဝကျေးရွာတွင် ရဟတ်ယာဉ်ဖြင့် လူချသွားသည်ဟုဒေသခံများကပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်မှလည်း ထိခိုက်ကျဆုံးမှုအနည်းငယ်သာရှိကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
“ဟတ်စကီးနဲ့ လူချတယ်။ အဲ့အချိန် ဂျက်ဖိုက်တာတစ်စီးက ဝဲပေးနေသေးတာ။ လာပစ်တဲ့ ဂျက်ဖိုက်တာတွေကသပ်သပ်လာတာ။ ဒဏ်ရာရတဲ့ကောင်တွေကိုလည်း ဟတ်စကီးနဲ့ ပြန်ခေါ်သွားတယ်”ဟု မုဒ်ဝရွာအနီးရောက်ရှိနေသောပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကလည်းပြောသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်ကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တို့က တိုက်ခိုက်နေခြင်းဖြစ်သည်။ယနေ့တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၆ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ထိးချိုင့်ဒေသခံတစ်ဦးကလည်း“တိုက်ပွဲဖြစ်တာက ၂ရက် ၃ရက်ရှိပြီဗျ။ ဖြစ်တာက ညောင်ပင်သာဘက်ကနေဖြစ်တာ။ သူတို့ စထွက်တာက ထီးချိုင့်ကနေ ပန္နဲကုန်း၊ ပိန္နဲကုန်းကနေ ညောင်ပင်သာဝင်တယ်။ ညောင်ပင်သာကနေ ဆင်းပြီးမှ ဟိုဘက် တို့အဖွဲ့တွေရှိတဲ့ ကြားထဲကို လာခဲ့တာ။ တောမရွာကိုလည်း မီးရှို့သေးတယ်။သူတို့ဘက်က အကျများတော့ လေကြောင်း ခေါ်တာ။ ဒီတစ်ခါ ခြောက်ကြိမ်တော်တော်လာတယ်။ ကိုယ့်ဘက်ကထိလား မထိလား အသေးစိတ်တော့ မသိရသေးဘူး။ စောစောက ကိုယ်ကြားသလောက်တော့ ထိတာမရှိသေးဘူး”ဟု ပြောသည်။
လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာ၍ အရပ်သားပြည်သူများ ထိခိုက်မည်ကို စိုးရမ်နေရကြောင်း ၊ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း အထက်ပါဒေသခံကပြောသည်။
ဧပြီ ၂၂ရက် နံနက်ပိုင်းတွင် ထီးချိုင့်မြို့ပေါ်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၅ဦး ဝင်ရောက်လာပြီး ခြောက်ဦးက ထီးချိုင့်မြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။
