စစ်ရှောင်ပြည်သူများလည်း ရေအခက်အခဲကြုံတွေ့နေဟုဆို
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အပူဒဏ်ပြင်း၍ စစ်ရှောင်အဘွားအိုတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူများမှာ ရေအခက်အခဲကြုံတွေ့နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဧပြီလ ၂၂ ရက်)က ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာသို့ ရောက်ရှိနေသော အသက်(၈၀) ကျော်အရွယ် အဘွားအိုတစ်ဦးသည် အပူဒဏ်ကြောင့် အမောဖောက်ကာ သေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်ကလည်း အဘွားအိုတစ်ဦး သေဆုံးခဲ့ပြီး ၅ရက်အတွင်း အပူဒဏ်ကြောင့် သက်ကြီးရွယ်အို နှစ်ဦးမြောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
“သူက တခြားရွာမှာ တိမ်းနေတာ။ စစ်ရှောင်ရင်းနဲ့နေတာပေါ့။ အဲလိုနေရင်းဖြစ်သွားတာ။ ဒီဘက်က နေတအားပူတယ်။ မိုးလည်းမရွာဘူး။ စစ်ရှောင်တွေအတွက်က တအားကြီးဒုက္ခ ရောက်တယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ရာသီဥတုအပူဒဏ်ကြောင့် နေစရာအခက်အခဲ၊ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရပြီး ရေအိုင်များလည်း ခမ်းခြောက်သွား၍ တစ်ရွာခြားသို့ ရေသွားခပ်နေရကြောင်း ဒေသခံများက ပြောသည်။
ခင်ဦးမြို့နယ်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိနေသည်။ ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းကြောင့် ကျေးရွာ၂၀ခန့်မှ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အပြင် ကန့်ဘလူနှင့် ရွှေဘိုနယ်ဘက်မှ စစ်ရှောင် ၅၀၀ဝန်းကျင်လည်း ခင်ဦးနယ်သို့ လာရောက်ခိုလှူံနေသည်။
မန္တလေး၊ စစ်ကိုင်းတိုင်း အစရှိသည့်အထက်ပိုင်းဒေသများတွင် ဧပြီလလယ်ပိုင်းမှစတင်ကာအပူရှိန်များမြင့်တက်နေပြီး သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့် သေဆုံးမှုများရှိနေသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက် တက်ခြင်း၊ ပင်ပန်းနုံးချည့်ခြင်း စသည်တို့ဖြစ် ပေါ်တတ်ကြောင်း၊ အပူဒဏ်ကြောင့် သတိ လစ်သည့်လူနာကို ရှေးဦးသူနာနည်းဖြင့်ပြုစု ရာတွင် လူနာကိုအရိပ်ရပြီး အေးမြသည့်နေ ရာကိုရွှေ့၍ နေထိုင်ကြရန်လည်း သတိပေးထားသည်။
