▪︎ပဇီကြီးရွာအနီးရှိ လေးတွင်းစင်ရွာကိုစစ်တပ်က မီးရှို့ ၊ပြည်သူအနည်းဆုံး ၂ ဦးကိုဖမ်းဆီးထား
ပဇီကြီးရွာအနီး လေးတွင်းစင်ရွာတွင်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။
“စစ်ကြောင်းက ပဇီကြီးကနေ လေးတွင်စင်အရှေ့ခြမ်းမှာ တစ်ညအိပ်တယ်။ ဒီနေ့ နေ့ခင်းမှာ ရွာကို လက်နက်ကြီးနဲ့ ပစ်ပြီးမှ ဝင်တာ။ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြေသည်။
တိုက်ပွဲမှာအချိန်အနည်းငယ်သာကြာခဲ့ပြီးတိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုအခြေအနေကိုမူမသိရသေးပေ။
ဧပြီ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီးရှိ လေးတွင်းစင်ရွာသည် ပဇီကြီးရွာနှင့် တစ်မိုင်ခန့်သာကွာဝေးသည်။စစ်တပ် စစ်ကြောင်းထိုးနေသောကြောင့် ပဇီကြီးရွာကဲ့သို့ ဒေသခံပြညိသူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည်။ ဧပြီ ၁၁ရက်နေ့က စစ်ကောင်စီက ပဇီကြီးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးအလှူတွင် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့စဉ် လေးတွင်းစင်ရွာမှ ကိုစိုးနိုင်၊ ကိုဇော်လင်း၊ ဦးသိန်းထွန်းနှင့်ကိုနိုင်လင်းတို့လည်း သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ဧပြီ ၂၂ ရက်တွင် စစ်တပ်စစ်ကြောင်းသည် ဒေသခံပြည်သူနှစ်ဦးထက်မနည်းကိုဖမ်းဆီးသွားပြီး လေးတွင်းစင် ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းလည်းဒေသခံများကပြော သည်။ဖမ်းဆီးခံရသူများသည် သတ်လက်ပိုင်းအရွယ်အမျိုးသားများဖြစ်ကြောင်းသိရသည်။
စစ်တပ်စစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ထန်းတောရွာဘက်သို့ ထွက်ခွာသွားကြောင်း လည်းသိရသည်။
ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို ယမန်နေ့(ဧပြီလ၂၀ရက်) နံနက်ကစ၍ စစ်ကောင်စီတပ်က မြေပြင်မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်။ ဧပြီ ၂၀ ရက်နံနက်တွင် ထန်းတောရွာမှ အသက် ၇၀အရွယ်ခန့်ဦးမောင်ကိုလေးနှင့် ဦးတင်မြင့်တို့ နှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားသည်။
ထိုနောက် ဧပြီ ၂၀ ရက် မွန်းလွဲ ၂နာရီ ခွဲခန့်တွင် ပဇီကြီးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချကာ စက်သေနတ်များဖြင့်လည်း ပစ်သွားကြောင်း စစ်ဘေးရှောင်များကပြောသည်။မြေပြင်တွင်လည်း စစ်ကောင်စီကစစ်ကြောင်း နှစ်ကြောင်းခွဲပြီး တောနင်းနေ၍ ပဇီကြီး၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီလ ၁၁ ရက် နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကိုလေကြောင်းမှဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။
