▪︎ကုမ္ပဏီကို စစ်ကောင်စီလက်အောက်တွင်လုပ်ငန်းများမလုပ်ရန် ဖိအားပေးချိန်တွင်လုပ်ငန်းသစ်စရန်ပြင်ဆင်လာခြင်းဖြစ်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုအတွက် ဖိအားများရင်ဆိုင်နေရချိန်တွင် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEPကမုတ္တမပင်လယ်ကွေ့ရှိ ဇောတိကသဘာဝဓာတ်ငွေ့လုပ်ကွက်တွင် စီမံကိန်းအသစ်ပြန်စရန် စီစဉ်နေကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ရေနံသတင်းများရေးသားတင်ဆက်နေသည့် Upstream.com သတင်းဌာနက ရေးသားထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အမေရီကန်၊ပြင်သစ် ၊ဂျပန်၊မလေးရှားစသော နိုင်ငံခြားကုမ္ပဏီများထွက်ခွာနေချိန်တွင် ထိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် စီမံကိန်းအသစ်ပြန်လည်စတင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
လက်ရှိမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင် ကိုရီးယား POSCO နှင့် ထိုင်း PTTEP နိုင်ငံခြားကုမ္ပဏီကြီးနှစ်ခုသာ လုပ်ငန်းဆက်လက်လုပ်ကိုင်နေကြောင်းလည်း အဆိုပါသတင်းဌာနကဖော်ပြသည်။
မုတ္တမပင်လယ်ကွေ့တွင်M-3 ကမ်းလွန်လုပ်ကွက်၌အောင်သင်္ခ သဘာဝဓာတ်တွင်းအတွက်ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ အကဲဖြတ်ရှာဖွေမှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီက ၂၀၂၂ဖေဖော်ဝါရီလကတည်းကထုတ်ပြန်ခဲဖူးသည်။
ထိုင်းကုမ္ပဏီက ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် အဆိုပါလုပ်ကွက်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ သဘာဝဓာငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခွင့်ရရှိခဲ့ခယသည်။ ထိုစီမံကိန်းကို စစ်တပ်အာဏာသိမ်းပြီးနောက် ယာယီရပ်ဆိုင်းကြောင်း ၂၀၂၃ ဇန်နဝါရီလက ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ သို့သော်ယခုအခါ PTTEP ကို မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုအတွက်နိုင်ငံခြားငွေမရစေရေး လုပ်ငန်းများမလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ တော်လှန်ရေးအင်အားစုများ ၊ပြည်သူများကဖိအားပေးတောင်းဆိုနေချိန်တွင် လုပ်ငန်းစတင်ရန် စီစဥ်လာခြင်းဖြစ်သည်။
ထိုင်းကုမ္ပဏီ PTTEPကို အာဏာသိမ်းစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုများပြုလုပ်နေခြင်းကြောင့်မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့စီမံကိန်းများမှ သတင်းအချက်အလက်နှင့်ငွေပေးချေမှုကိစ္စများကို ပေးပို့ပေးရန်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၂၀ ရက်တွင်တောင်းဆိုထားသည်။ ထိုတောင်းဆိုချက်များကို မလိုက်လျောပါက ထိုင်းကုမ္ပဏီကို စင်ကာပူနိုင်ငံရှိ အနုညာတခုံရုံးတွင် တရားစွဲဆိုထားမည်ဟု NUGကသတိပေးထားသည်။
ထိုအပြင် PTTEP နှင့် ဆက်စပ်လုပ်ငန်းများ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အာဏာသိမ်းစစ်အုပ်စုနှင့် လက်တွဲလုပ်ကိုင်သဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊တော်လှန်ရေးအင်အားစုများက သပိတ်မှောက်ကြရန်တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီများ အစုလိုက်အပြုံလိုက်ထွက်ခွာခဲ့ကြသည်။ မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများမှ နိုင်ငံတကာကုမ္ပဏီများထွက်ခွာပြီးနောက် ထိုင်းကုမ္ပဏီက အော်ပရေတာအဖြစ်လွှဲပြောင်းရယူခဲ့သည်။
