စခန်းရှိ ယာဉ်နှစ်စီး မီးရှို့ပြီး ကျပ်သိန်း ၁၀၀ ကျော်ယူသွား၊ ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေ
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုအား Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်စီးနင်းပြီး ယာဉ်နှစ်စီးမီးရှို့ကာ ကျပ်သိန်း ၁၀၀ ကျော် ယူဆောင်သွားကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။
မြိုင်(ပကဖ) တပ်ရင်း-၁ တပ်ခွဲ-၂ သည် ယနေ့ (ဧပြီ ၆ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး အင်အား ၆၀ကျော်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဒရုန်းဖြင့် ဗုံးသုံးလုံးပါ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကိုလက်ယျာက ပြောသည်။
စစ်ကောင်စီတပ်သည် ညောင်ရွာကျေးရွာအနီးရှိ ကာကွယ်ရေးစခန်းတစ်ခုအား ညနေ ၃နာရီခွဲခန့်တွင် Mi-35ဖြင့် ပစ်ခတ်ခြင်း၊ Mi-17 နှစ်စီးဖြင့် ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့ပြီး စခန်းခွဲတစ်ခုရှိ ယာဉ်နှစ်စီးအား မီးရှို့ပြီး ကျပ်သိန်း ၁၀၀ ကျော်အား ယူဆောင်သွားကြောင်း ကိုလက်ယျာက ပြောသည်။
ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ကိုလက်ယျာက ဆိုသည်။
တွင်းမနှင့် ဝက်ပုတ်ရွာများရှိ စစ်အုပ်စုသည် အဆိုပါစစ်ကြောင်းကြိုရန် ကိုင်းတောမရွာဘက်မှ စက်မှု(၂)ဘက်သို့ ကင်းပုန်းချထားကြောင်း ဒေသခံတို့က ပြောသည်။
ထို့ကြောင့် မနက်ဖြန် (ဧပြီ ၇ ရက်) နံနက် ၆ နာရီမှစ၍ ဧပြီ ၃၀ ရက်အထိ မြိုင် – ကမ္မလမ်း ပိုင်းအား ယာဉ်၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် စစ်ကောင်စီတပ်အားအရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ တစ်စုံတစ်ရာ မှားယွင်းမှုအား တာဝန်ယူဖြေရှုင်းသွားမည်မဟုတ်ကြောင်း မြိုင်(ပကဖ)က သတိပေးထားသည်။
