ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကိုစစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ အနိုင်ရရှိထားသော ဒီချုပ်အမတ် ဦးဌေးမင်းသိန်းကို ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
” ကိုဌေးမင်းသိန်းကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတာ။ နေ့လယ်ခင်းကြီး ဝင်ဖမ်းတာ။ စစ်ကြောရေးဝင်နေတယ်လို့ ကြားပါတယ်”ဟု ကြို့ပင်ကောက်မြို့နယ်၊စျေးချိုတောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။
ဦးဌေးမင်းသိန်းသည် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းစက တိမ်းရှောင်နေခဲ့ပြီး လအနည်းငယ်အကြာတွင် နေအိမ်သို့ ပြန်လာနေစဥ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေသည့် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။
ဦးဌေးမင်းသိန်း ဖမ်းဆီးခံရချိန်မှစ၍ ယနေ့ဧပြီ ၆ရက်နေ့ခင်းပိုင်းအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်းလည်း မြို့ခံအချို့ကပြောသည်။
စစ်အုပ်စုကနိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းပါတီဝင် ၁၂၃၅ ဦးကိုမတရားဖမ်းဆီးခဲ့ပြီး ၂၆ ဦးကို စစ်ကြောရေးစခန်းများနှင့် ထောင်တွင်း၌ စစ်ကောင်စီကသတ်ဖြတ်ခဲ့သည်။ ထိုအပြင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ၂၀၂၃မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး ၄၇ ဦး၏ နေအိမ်များကိုလည်း ဖမ်းဝရမ်းကပ်ထားသည်။
