ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသော Lion Battalion တပ်ဖွဲ့မှ PDFသုံးဦးမဲဆောက်တွင်ဆေးခန်းသွားပြစဥ် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကဖမ်းဆီးမှုခံရပြီးနောက် BGF မှတစ်ဆင့် စစ်ကောင်စီသို့လွှဲပြောင်းပို့ဆောင်ခြင်းခံရကြောင်းတော်လှန်ရးအင်အားစုများကပြောသည်။
ကော်သူလေအာမီ (KTLA)လက်အောက်ရှိ ဗိုလ်အယ်ဆေးဝါး၏ Lion Battalion မှ ရဲဘော်များဖြစ်သော ကိုသီဟ ၊ကိုထက်နေဝင်း ၊ကိုစောဖြိုးလေးတို့ သုံးဦးသည် မဲဆောက်တွင် ဆေးခန်းပြသွားစဥ် လမ်းမှားရာမှ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းဖြစ်စဥ်ကိုသိသော PDFတစ်ဦးကပြောသည်။
“သူတို့တတွေက မဲဆောက်မှာ (ကိုသီဟ)ဆေးလာကုတယ်။ ကိုသီဟရယ်၊ ထက်နေဝင်းရယ်၊ စောဖြိုးလေးရယ် သူတိို့က ဆေးခန်းသွားတဲဲ့အချိန်မှာ လမ်းမှားပြီိးတော့ ဘန်ကောက်တက်တဲ့လမ်းပေါ်ရောက်သွားတယ်။ ဂိတ်နဲ့တွေ့ပြီး ထိုင်းလဝက ဖမ်းလိုက်တယ်။ အဲဒီနေ့က ဧပြီ ၁ ရက်နေ့ ညနေ။ အဲဒီနေ့ညမှာ လဝကရုံးကိုသွားပို့လိုက်တယ်။ သူတို့ကို ချုပ်ထားတယ်။”ဟု အထက်ပါ PDF ကရှင်းပြသည်။
ရဲဘော် ၃ ဦးအဖမ်းခံထားရသဖြင့် တာဝန်ရှိသူများကဧပြီ ၃ ရက်တွင် ထိုင်းလဝက သို့ သွားရောက်ညှိနှိုင်း၍ ပြန်ထုတ်ရန်ကြိုးစားရာ ဧပြီ ၄ ရက်တွင်မှ လာထုတ်ရန် ပြောကြောင်းသိ့ရသည်။

“သွားထုတ်တဲ့အချိန်မှာထိုင်းစစ်တပ်ကလူတွေကလည်းဝိုင်းထုတ်ပေးတယ်။ ညှိပြီးသွားထုတ်တာ။ အဲဒါနဲ့ ၄ ရက်နေ့ လာထုတ်ဆိုတော့ ဧပြီ ၄ ရက်နေ့ သွားထုတ်တဲ့အချိန်မှာ သူတို့ မရှိတော့ဘူး။ မနက်အစောကြီးကတည်းက သူတို့(ထိုင်းလဝက)က ဟိုဘက် သွားသွန်လိုက်တယ်။ မြန်မာဘက်ခြမ်း လွှတ်လိုက်တယ်ပေါ့။ လွှတ်လိုက်တော့ ဘယ်နားလွှတ်လိုက်လဲ မေးလိုက်တော့ အင်ကြင်းပင်ဘက်ကို သွားလွှတ်လိုက်တယ်ပြောတယ်”ဟု ထိုင်းလဝက၏ လုပ်ရပ်ကို ၎င်းကဆက်ပြောသည်။
ထိုင်းလဝက PDF သုံးဦးအား အင်ကြင်းပင်ဘက်သို့သွားလွှတ်သည်ဆို၍ သွားရောက်စုံစမ်းသောအခါ ဧပြီ ၄ ရက်နံနက်အစောပိုင်းတွင် ထိုနေရာ၌ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့က ပစ်ခတ်သံများကြားရကြောင်းသိရသည်။
“မနက် ၈ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်ပေါ့။ သူတို့ ၃ ယောက်ကို ပစ်ပြီးဖမ်းတယ်တဲ့။ စုံစမ်းကြည့်လိုက်တော့ ကိုသီဟတို့ ထက်နေဝင်းတို့ဖြစ်နေတာ။ ကိုသီဟက ရင်ဘက်ထိတယ်။ စောဖြိုးလေးက ခြေထောက်(ပေါင်)ကို ထိတယ်။ သူတို့ကို ခေါင်းစွပ်အမဲတွေစွပ်ပြီး BGF ဗိုလ်မှူးနိုင်မောင်ဇော်က ခေါ်သွားတယ်တဲ့။ သူက ခေါ်သွားပြီး ည ၁၁ နာရီမှာ ဧပြီ ၄ ရက် ည ၁၁ နာရီမှ(စစ်ကောင်စီတပ်) အပ်လိုက်တယ်တဲ့”ဟုရဲဘော်သုံးဦးဖြစ်စဥ်ကို အသေးစိတ်စုံစမ်းသိရှိထားသော PDF တစ်ဦးကပြောသည်။
ရဲဘော်သုံးဦးကို BGF ကပစ်ခတ်သဖြင့်ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာရခဲ့သော ရဲဘော်မှာကျဆုံးသွားပြီဖြစ်ကြောင်း ဧပြီ ၅ ရက်ကတည်းက သတင်းကျယ်ပြန့်စွာထွက်ပေါ်နေသော်လည်း People’s Spring သတင်းဌာနကသီးခြားအတည်မပြုနိုင်ပါ။ စစ်ကောင်စီတပ်က ၎င်းတို့ကို ဖမ်းဆီး၍ စစ်ကြောရေးပို့ဆောင်ထားကြောင်းစုံစမ်းသိရသည်။
PDF ၃ ဦးကို ပစ်ခတ်၍ မျက်နှာကို ခေါင်းစွပ်အမဲများအုပ်၍ စစ်ကောင်စီတပ်ထံ ဧပြီ ၄ ရက်ညတွင်ပို့ဆောင်ရာတွင် ဦးဆောင်ခဲ့သည်ဆိုသော BGF ဗိုလ်မှူးနိုင်မောင်ဇော်ထံ ဖြစ်စဥ်နှင့် ပတ်သပ်၍ မေးမြန်းရန် People’s Spring က ဧပြီ ၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပါ။
“သူတို့ကို ဟိုဘက်ကမ်း(မြန်မာဘက်ခြမ်း)ပို့လို့မရဘူးဆိုတာ ကျွန်တော်တို့ သွားပြောထားပြီးသား။ အဲဒါကို သူတို့က BGF နဲ့ ဘယ်လိုညှိလိုက်လဲ မသိဘူး။ BGF နဲ့ညှိပြီး လုပ်ကြတာ။ BGF လက်ကို အပ်တာ။ အဓိက ဒီဘက်မဲဆောက်ရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အနေ
အထိုင် နည်းနည်းဆင်ခြင်ရမယ်လို့ ထင်တယ်။ ထိုင်းအစိုးရဘက်ကိုတော့ ဖိအားပေးဖို့ ကျွန်တော်တို့ လုပ်နေကြတယ်ဗျ။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မဖြစ်အောင်ပေါ့”ဟုတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။
ထိုင်းလဝက ကဖမ်းဆီးပြီး BGF ဆီရောက်ကာ ၊BGF ကသေနတ်ဖြင့်ပစ်၍ စစ်တပ်ထံလွှဲပြောင်းပေးခံရသော ရဲဘော် သုံးဦးတွင် ကိုသီဟ မှာ အသက် ၃၈ နှစ်အရွယ်ဖြစ်ပြီး ကိုထက်နေဝင်း မှာ ၃၁ နှစ်ဖြစ်ကာ ၊ ကိုစောဖြိုးလေးမှာ ၂၆ နှစ်အရွယ်ဖြစ်ကြသည်။
ယခုဖြစ်ရပ်အပေါ် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ထိုင်းအစိုးရ၏လုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်နေကြောင်းဝေဖန်ပြစ်တင်နေကြသလို ၊ စစ်တပ်လက်အပ်ခဲ့သော BGF နှင့် BGF ဗိုလ်မှူးနိုင်မောင်ဇော်တို့ ကိုလည်း အပြင်းအထန်ဝေဖန်နေကြသည်။
