ကရင်နီပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော်လည်း ကရင်နီအမျိုးသားကောလိပ်ကျောင်းမှ ယခုနှစ် ပညာသင်နှစ်၌ ကျောင်းပြီးမြောက်ခဲ့သည့် ကျောင်းသားကျောင်းသူများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ကျောင်းဆင်းပွဲကို ယနေ့( ဧပြီ ၆ရက်) ပြုလုပ်ခဲ့ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ သတင်းနှင့်ပြန်ကြားရေးဌာန KNICက ထုတ်ပြန်သည်။
ကရင်နီအမျိုးသားကောလိပ်ကျောင်းမှယခု (၂၀၂၂-၂၀၂၃ )ပညာသင်နှစ်၌ ကွန်ပျူတာအထူးပြုဘာသာရပ် ၂၁ဦး၊ လူမှုဖွံ့ဖြိုးရေး အထူးပြု ကျောင်းသား ၃၀ ဦး၊ လူမှုရေးသိပ္ပံ အထူးပြု ၃၀ ဦး ၊ အထွေထွေသိပ္ပံ အထူးပြု ၃၄ ဦး စုစုပေါင်း ၁၁၅ဦး တို့သည်ယနေ့ ကျောင်းပြီးမြောက်သွားပြီဟု ဖော်ပြကာ ဘွဲ့ပေးအပ်မှု အခမ်းအနားဓာတ်ပုံမှတ်တမ်းများနှင့်တစ်ကွ ဖော်ပြသည်။

အဆိုပါအခမ်းအနားကို မြန်မာ- ထိုင်းနယ်စပ်ရှိကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြသည်။အဆိုပါ ကရင်နီပညာရေးဌာန လက်အောက်ရှိသည့် ကျောင်းကို ၁၉၉၅ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၈ နှစ်တာအတွင်း ကျောင်းသားကျောင်းသူ နှစ်ထောင်ကျော် တက်ရောက်ပြီးစီးခဲ့သည်ဟုသိရသည်။

အဆိုပါကောလိပ် တက်ရောက်ပြီးစီးခဲ့သည့်ကျောင်းသား ကျောင်းသူအများစုသည် ကရင်နီလူမှုအသိုင်းအဝိုင်း၌ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစသည့် နယ်ပယ်များ၌ ပြန်လည်ကူညီနေကြောင်း၊ ယင်းအနက်ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက်သင်ယူနေသူများရှိကြောင်း ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြသည်။

ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလကုန်ပိုင်းမှ စ၍ အင်အားထောင်ချီ အသုံးပြု၍ စစ်မျက်နှာ ၄ ခုမှ စစ်ကြောင်း ၁၂ ကြောင်းဖြင့် အကြီးအကျယ်ထိုးစစ်ဆင်နေသည်။သို့သော် KNDF ၊ KA ၊ဒေသခံPDF စသော ကရင်နီ ပူးပေါင်းတပ်များက စနစ်တကျခုခံတိုက်ခိုက်နေသဖြင့် စစ်တပ် အကြီးအကျယ်အထိနာနေသည်။ ကရင်နီပြည်တွင် ယခင်ရှိနေသော စစ်သား ၂၀၀၀ အပြင် စစ်သား ၃၂၀၀ ထပ်တိုး၍ ထိုးစစ်ဆင်နေရာ မတ်လအတွင်းတိုက်ပွဲ အကြိမ်ရေ ၁၀၀ ကျော်ဖြစ်ပွားခဲ့သည်။ သို့သော် တိုက်ပွဲ အများစုစုတပ်အထိနာပြီး မတ်လအတွင်းမှာပင် စစ်သား ၂၈၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။စစ်တပ်က အထိနာ၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ကူမှုကို အဓိကပြုလုပ်နေသည်။ မတ်လ တိုက်ပွဲများတွင် KNDF တပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးခဲ့သည်။
