ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် (ည) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။
ယနေ့ ဧပြီ ၅ ရက်နံနက် ၅ နာရီခွဲခန့်က မြောက်ဥက္ကလာ (င)ရပ်ကွက် သုဓမ္မာလမ်းပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“(င)ရပ်ကွက်ရုံးဘေးက တာယာဆိုင်ရှေ့မှာ လာခွဲသွားတာ။ အထိအခိုက်မရှိဘူး။ (ရုံးထဲ)အစောင့်တွေတော့ရှိတယ်။ ရုံးဂျူတီ ရာအိမ်မှူးတွေပေါ့”ဟု မြောက်ဥက္ကလာပမှ ဒေသခံပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် မိန်းလမ်းမကြီးတစ်ခုပေါ်တွင်ရှိသည့် ရုံးတစ်ရုံးဖြစ်ပြီး မြို့ပြတော် လှန်ရေးအဖွဲ့ UG များ၏ တိုက်ခိုက်ခြင်းကို မကြာခဏခံရလေ့ရှိသောကြောင့် ရုံးရှေ့တွင် သဲအိတ်ဘန်ကားများ၊ ဇာပိုက်စိမ်းများဖြင့် ကာရံထားပြီး နေ့ညအစောင့်ချ ထားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
အလားတူဧပြီ ၅ ရက် နံနက် ၅ နာရီခွဲ ဝန်းကျင်မှာပင်မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဗုံး ပစ် တိုက် ခိုက် ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ( ၂) က ထုတ်ပြန်သည်။ထိုကြောင့် တစ်ချိန်တည်းတွင် ည ရပ်ကွက်နှင့် င ရပ်ကွက်ရုံးများ ဗုံးတိုက်ခိုက်ခံရခြင်းဖြစ်သည်၊

ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကိုဆက်လက်အရှိန်မြင့်တိုက် ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗုံးပေါက်ကွဲသံကျယ်လောင်ခဲ့သော်လည်း ထိ့ခိုက်မှု ကြီးကြီးမားမားမရှိကြောင်းဒေသခံများကပြောသည်။
ထို့အပြင် ယနေ့နံနက် ၅ နာရီ ၄၀ ခန့်ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအား အတိအကျမသိရသေးပေ။
