မန္တလေးတိုင်းထဲမှာ ၂ ပတ်တာအတွင်း သွေးသောက်အဖွဲ့ အမည်ခံတဲ့ လူသတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
အသတ်ခံရသူတွေရဲ့အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ ကတ်ပြားတွေကိုလည်း ချိတ်ဆွဲသွားတာကို ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။
အသတ်ခံရသူတွေဟာ မန္တလေးမြို့ပေါ် မြို့နယ်တွေက ၄ ဦးနဲ့ မန္တလေးတိုင်း ၊မတ္တရာနယ်ထဲက ၄ ဦးဖြစ်ပါတယ်။
သတ်ဖြတ်ခံရသူ ၈ ဦးလုံးအမျိုးသားတွေဖြစ်ကာမတ်လ ၂၂ ရက်ကနေ ဧပြီလ ၃ ရက်အတွင်းသတ်ဖြတ်ခံရတာပါ။
မန္တလေးမြို့ပေါ်မှာ သတ်ဖြတ်ခံရသူ ၄ ဦးဟာ ချမ်းမြသာစည်မြို့နယ်ထဲမှာ ၃ ဦးနဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ၁ ဦးဖြစ်တာကိုစုံစမ်းသိရပါတယ်။

စစ်အုပ်စုကိုထောက်ခံတဲ့ လော်ဘီဖေ့ဘွတ်ခ်စာမျက်နှာတွေက မန္တလေးမြို့ပေါ်မှာ သတ်ဖြတ်ခံရသူ ၄ ဦးဟာNLD ထောက်ခံသူတွေဖြစ်တယ်လို့ ဆိုထားကြပါတယ်။
မန္တလေးမြို့ပေါ်မှာ သွေးသောက်အဖွဲ့အမည်ခံပြီး လူသတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်က စတင်ပြီးပေါ်ထွက်လာခဲ့တာပါ။
သတ်ဖြတ်ခံရသူတွေဟာလည်း NLD ပါတီဝင်တွေ ၊ NLD ပါတီကိုထောက်ခံသူတွေဖြစ်ပြီး အဲဒီသွေးသောက်အဖွဲ့ကို စစ်တပ်က ကျောထောက်နောက်ခံပေးထားတယ်လို့ စွပ်စွဲခံထားရပါတယ်။
ဧပြီလ ၂ ရက်က မန္တလေး၊ချမ်းမြသာစည်မြို့နယ်အတွင်း သတ်ဖြတ်ခံထားရတဲ့အမျိုးသားအလောင်း ကိုတွေ့ရစဉ်
