မီတာမဖြစ်မနေဆောင်ရန်နှင့် ဧည့်စာရင်းမကြာခဏ ဝင်စစ်လေ့ရှိသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်မှ ရာအိမ်မှူးသောင်းဒန် ပစ်သတ်ခံရကြောင် ဒေသခံများက ပြောသည်။
ယနေ့(သြဂုတ် ၂၀ ရက်) နံနက် ၁၁နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်ရှိ သုမာလာ (၈)လမ်း၊ မဟာအတုလဓမ္မာရုံရှေ့၌ ပစ်သတ်ခံရခြင်းဟု ဆိုသည်။
“ခေါင်းကို ကျည်ထိတယ်ပြောတယ်။သူလည်း ရပ်ကွက်အုပ်ကြီး ထွန်းထွန်းဦးနောက်လိုက်ပဲ။ထွန်းထွန်းဦး သေနတ်ကိုင် ထားတယ်ဆိုပြီး လေကျယ်နေကြ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်သည် မကြာခဏ ဧည့်စာရင်းဝင်စစ်ခံရလေ့ရှိပြီး ယခု အသတ်ခံရသည့် ရာအိမ်မှူးဆိုသူလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ နောက်လိုက်အဖြစ် ပါဝင်နေသော အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအနေဖြင့် အချိန်မီနှုတ်ထွက်ကြရန် တော်လှန်ရေး အင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။
ယမန်နေ့ကလည်း ရွှေပြည်သာမြို့နယ်မှ စစ်ကောင်စီတပ်၏ဗိုလ်မှူးအဆင့်ရှိသူကို တိုင်တည်၍ ပြည်သူများကို မကြာမခဏခြိမ်းခြောက်လေ့ရှိသော ထ/၁၆ ရပ်ကွက် ရာအိမ်မှူး ဝင်းဇော်မှာ သေနတ်ဖြင့် ကိုးချက်ထက်မနည်း ပစ်သတ်ခံခဲ့ရသည်။
