ကလေးမြို့နယ် မြောက်ပိုင်းတွင် ခုနှစ်ရက်နေ့မြောက်တိုက်ပွဲအဖြစ် ဧပြီ ၅ ရက်တွင် ၆နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထက်ချင်းတွင်း CNO/CNDFတာဝန်ခံက ပြောသည်။
ကလေးမြို့နယ်မြောက်ပိုင်းရှိ၊ ပျဉ်းတောဦးကျေးရွာ ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၄ ရက်ညကဒေသကာကွယ်ရေးပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့သည်။ ထို့နောက် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ကာ ထိုးစစ်ပြန်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“မနေ့ညက ခြုံခိုပြီးသွားတိုက်တာ ပျဉ်းတောဦးရွာထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ကိုသွားတိုက်တာ။ မနက်ကျတော့ သူတို့က ချင်းစုရွာက ဝှိုက်ပြီးတက်လာတယ်။ ဒီနေ့တော့ ခြောက်နာရီကြာတိုက်ပွဲဖြစ်တယ်။ အသေအပျောက်တော့ရှိနိုင်တယ်။ သေချာတော့မသိရဘူး။ သူတို့ကျတာ လှမ်းမြင်ရတယ်။ ကျတော်ဘက်က တစ်ယောက် မစိုးရိမ်ရဒဏ်ရာရတယ်။” ဟု အဆိုပါCNO/CNDFတာဝန်ခံကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်သားနှင့် ပျူစောထီးစုစုပေါင်း အင်အား ၁၀၀ ခန်ပါသောစစ်ကြောင်းသည် ယခုအခါ ချင်းစုရွာတွင် အခြေချ တပ်စစွဲနေကြောင်းသိရသည်။
ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များကြား မတ် ၃၀ ရက်စ၍ ဧပြီ ၅ ရက်အထိ တစ်ပါတ်ကြာတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများလာပြီးနောက်လေကြောင်းတိုက်ခိုက်မှုကို အလွန်အကျွံအသုံးပြုခဲ့သော်လည်း စစ်ကောင်စီတပ်သား ၁၀ဦးကို ၎င်းတို့အဖွဲ့က သုတ်သင်နိုင်ခဲ့သည်ဟု ၎င်းကဆိုထားသည်။
“အလောင်းတွေကို အော်ပြီးသယ်နေတာ မျက်မြင်တွေ့ခဲ့ရတယ်”ဟု အထက်ပါတာဝန်ခံကဆက်ပြောသည်။
CDF-KKGကလည်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်ခဲ့သော်လည်းတိုက်ပွဲ လေးခုတွင် စစ်ကောင်စီတပ်သား ၇ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်းဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ကလေးမြို့နယ်မြောက်ပိုင်းရှိ ချမ်းသာကြီးရွာစာသင်ကျောင်း၌တပ်စွဲထားသောအင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်ကို မတ် ၃၀ မနက်တွင် CDF- KKG နှင့် ချမ်းသာကြီးပကဖတို့က သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုနောက်စစ်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာရာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

မတ် ၃၁ ရက်တွင်ကလေးမြို့မြောက်ပိုင်းတွင် နန်းဆောင်းပုကျေးရွာမှ ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို CDF-KKGက ပျဉ်းတော်ဦး သုသာန်တွင် သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင်CDF-KKG မှ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သားရုပ်အလောင်း၇ လောင်းကို မျက်မြင်တွေ့ခဲ့ရသည်ဟုသိ့ရသည်။ စစ်တပ်မှကျည်ဘောက်စ်၂ ခု ၊ကျည်ဆံ ၂၇ တောင့် နှင့်စစ်အသုံးအဆောင်ပစ္စည်း အချို့ သိမ်းဆည်းရရှိကြောင်း CDF-KKGကဆိုသည်။ ထိုတိုက်ပွဲတွင် အခြားဒေသခံကာကွယ်ရေးတပ်များပါCDF-KKG နှင့်အတူ ပါဝင်အားဖြည့်လာပြီးတိုက်ပွဲများပိုမိုပြင်းထန်လာကြောင်းသိ့ရသည်။
စစ်တပ်နှင့်ပျူများကိုCDF-KKG၊CNDF၊ CNDF Vakok ၊ကလေး PDF, CDM-Siyin ၊Chin Refils ၊ PDA၊ TCDF ၊ HNB ၊CR ၊ ပကဖ စသောဒေသခံကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေကြောင်း သိ့ရသည်။
ကလေးမြောက်ပိုင်းရှိရွာများကို လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်နေသော ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်အမြောက်တပ်ဖွဲ့ရှိရာသို့ CDF -Siyin မှရဲဘော်များက ဧပြီ ၃ ရက်မနက် တွင် သွားရောက်ခြုံခိုတိုက်ခိုက်ရာ စစ်သားအချို့သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်းအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံချောင်း၊ မြောက်ချောင်း၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ်၊ ဆည်ကြီးစသည့် ကလေးမြောက်ပိုင်းရှိ ကျေးရွာ၂၀ ခန့် ပြည်သူ သုံးသောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်းဒေသခံများကပြောသည်။
