▪︎PDFများကသေနက် ၂လက်နှင့် ဖုန်း၃လုံးသိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PDF ကင်းပုန်းအားတွေ့၍ ဆင်းပစ်သည့် ဗိုလ်မှူးတစ်ဦးနှင့် တပ်သားတစ်ဦးကို ရွာနှစ်ရွာကြားတွင် တိုက်ခိုက်ရာ နှစ်ဦးလုံးသေဆုံးပြီး MA3 နှစ် လက် ရရှိခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။
ယမန်နေ့ ဧပြီလ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနှင့် နှောကန်ကျေးရွာကြားတွင် ဆိုင်ကယ်တစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ကိုရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဦးဆောင်သောမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ နှင့် မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးနှင့်တပ်သား နှစ်ဦးလုံးသေဆုံးပြီး ရန်သူ့အလောင်း နှစ် လောင်းအား တိုက်ပွဲဖြစ်ပွားရာ နေရာတွင်ထားခဲ့ကာ MA3 နှစ်လတ် ရရှိခဲ့သည်။ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

“ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်လာတာ။ မင်းတိုင်ပင်ကအထွက် နှောကန်ရွာအဝင်မှာ။ ကင်းပတ်ရင်းနဲ့ နှစ်ယောက်တည်းလာတာ။ ကျွန်တော်တို့ကလည်း ကင်းစောင့်ရင်းနဲ့ အတွင်းထဲကို ကပ်ရသလောက်ဝင်ပစ်မယ်ဆိုပြီးတော့ မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ ကင်းချထားတဲ့အချိန် ကတ္တရာလမ်းရဲ့ဘေးဘယ်ညာမှာနှစ်ယောက်စီ ချထားတဲ့အချိန် သူတို့ကအဲ့ရဲဘော်တွေကိုတွေ့ပြီးတော့ ဆိုင်ကယ်ရပ်ပြီးဆင်းပစ်တာ။အဲဒီချိန်မှာ ပစ်ခတ်ခဲ့တာပါ။”ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရိုးမရာဇာအဖွဲ့ စစ်ကြောင်းခေါင်းဆောင် တပ်ခွဲမှူးက ပြောသည်။
စစ်သားတစ်ယောက်ကPDFယူနီဖောင်းဝတ်ထားပြီး အရာရှိမှာအနက်ဝမ်းဆက်ဝတ်ကာ စစ်ကောင်စီတပ်အသုံးအဆောင်များပါရှိကြောင်းအထက်ပါ တပ်ခွဲမှူးက ဆက်ပြောသည်။
နှောကန်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးမင်းမြတ်သူနှင့် တပ်သားတစ်ဦးသေဆုံးခဲ့ပြီး သေနက် ၂ လက်နှင့်ဖုန်း ၃ လုံးရရှိခဲ့ကြောင်းပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း အတည်ပြုသည်။
ကင်းပုန်းဝပ်နေသောPDF များကို ဆိုင်ကယ်စီးစစ်သား ၂ ယောက်က စတင်ပစ်ခတ်၍ ကင်းPDF များက ပစ်ခတ်၍ စစ်သားနှစ်ဦးစလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)တပ်ရင်းခေါင်းဆောင်ဆရာဗေကလည်းပြောသည်။

သိမ်းယူရရှိခဲ့သော ဖုန်းသုံးလုံးကို နည်ပညာဖြင့် ဖွင့်စစ်ဆေးပြီး စစ်ကောင်စီတပ်၏ မြေပြင်လူ့အခွင့်အရေးချိူဖောက်မှုများကို ဖော်ထုတ်သွားရန်စီမံထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
ထိုစစ်ဆင်ရေးကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (ရိုးမရာဇာ)နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ပွဲခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ပုလဲမြို့နယ်တွင် ရန်သူ့လက်နက်သိမ်းပိုက်နိုင်သည့် ပထမဦးဆုံး တိုက်ပွဲဖြစ်ကြောင်း ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။
“လူမှုကွန်ယက်ပေါ်မှာ ဗိုလ်မှူး မင်းမြတ်သူ ဆိုပြီး ပြောနေကြတာ တွေ့ပေမယ့် ဗိုလ်မှူး ဟုတ်မဟုတ် ဆိုတာကို ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ သိမ်းဆည်းရထားတဲ့ ဖုန်းနှစ်လုံးထဲက တလုံးမှာ မင်းမြတ်ဆိုပြီး နာမည်ရေးထားတာ တွေ့ပါတယ်”ဟုရဲခေါင်ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။

စစ်ဖက်သတင်းရင်းမြစ်အချို့ကမူ ပုလဲမြို့နယ်တိုက်ပွဲတွင်သေဆုံးသွားသူမှာ ဗိုလ်မှူးမင်းမြတ်သူ ဖြစ်ကြောင်းအတည်ပြုသည်။
ထိုစစ်အုပ်စုသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အနောက်ဖက်သို့ စစ်ကြောင်းထိုးလာသည့် စကခ (၄ )လက်အောက်ခံ ခမရ ၇၀၄ (ဖူးကြီး) စစ်ကြောင်းဖြစ်ပြီး ပုလဲနယ်အတွင်း ရွာစဥ်ပတ်မီးရှို့နေသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုအပြင် ဧပြီ ၂ ရက်နံနက်ပိုင်းကလည်းပုလဲမြို့နယ်၊ကြောင်သန်းရွာဘက်မှ ထွက်ခွါလာသောအင်အား(၁၁၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဇီးဖြူကုန်းပျူရွာမှ ပျူစောထီးများနှင့်ပေါင်း၍ ငှက်ပျောတောရွာအား မွှေနှောက်ကာမင်းတိုင်ပင်ရွာသို့ဝင်လာစဥ် ယင်းမာပင်ခရိုင်တပ်ရင်း -၁၉(Pale Jokers PDF)က ပဒေသာမိုင်း (၈)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား (၅)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Pale Jokers PDFက သတင်းထုတ်ပြန်ထားသည်။
