တနင်္သာရီမြို့နယ်တွင် စစ်ရေးများတင်းမာနေပြီး မြိတ်-ဘုတ်ပြင်းပြည်ထောင်စုလမ်းမ ကြီးပေါ်၌ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ် နိုင်သဖြင့် ဒေသတွင်း လမ်းပိုင်းနှစ်ခုကို အသုံးပြုခွင့် ယနေ့မှစ၍ တားမြစ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။
မြိတ်မြို့နယ်ကြေးနန်းတိုင်တံတားမှ စ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းတို့အား ယနေ့(ဧပြီလ ၃ရက်)မှစတင်၍ တားမြစ်လိုက်ခြင်းဖြစ်သည်။
” ဤသတိပေးချက်သည်အများပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြရန်နှင့် မိမိတို့တော်လှန်ရေး အဖွဲ့အစည်းများမှ ပြန်လည်မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်သည်”ဟုဖော်ပြထားသည်။
“သတိပေးချက်တွေကိုလိုက်နာပေးကြပါ။ စစ်ကောင်စီကလည်း အရပ်သားတွေနဲ့ ရောနှောပြီး လိုက်လာတာတွေရှိသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့်ပါ” ဟု ဟုမြိတ်ခရိုင် တပ်ရင်း (၁)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဒေသတွင်း စစ်ရေးတင်းမာနေ၍ ပြည်ထောင်စုလမ်းတွင်ခရီးသွားလာခွင့် တားမြစ်ထားစဥ် ခရီးသည်တင်ကားတစ်စီးအားဧပြီလ ၁ ရက်နေ့ ည ၈ နာရီခန့်က မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့သည်။တနင်္သာရီမြို့နယ်၊လယ်တောင်ရွာနှင့် တမုန်ချုံရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းခွင့်ပိတ်ထားချိန် မောင်းနှင်လာသည့် ခရီးသည်တင်ကားကိုရပ်ပေးရန်တားမြစ်သော်လည်းမောင်းပြေး၍ စစ်ကောင်စီတပ်ဖွဲ့က ခရီးသည်အသွင်ယူလာသည်ဟုထင်ကာ ပစ်ခတ်မိခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂က ထုတ်ပြန်ထားသည်။ ထိုဖြစ်စဉ်တွင် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည့်အတွက် အနူးအညွန့်တောင်းပန်ကြောင်းနှင့် ပြည်သူလူထုလုံခြုံရေးအရ သတိပေးမှုများကို တိတိကျကျလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။
တိုက်ပွဲများဖြစ်ပွားနေ၍ ပြည်ထောင်စုလမ်းတွင် ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ရန် ဧပြီ ၁ ရက် ညနေ၄ နာရီကျော်တွင်သတိပေးခဲ့ပြီး စစ်ကောင်စီတပ်ကစစ်ကူလာမည်ံဟုသတင်းရ၍ စောင့်ဆိုင်းနေစဥ် ည ၈ နာရီခန့်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသတိပေးချက်ထုတ်ပြီးနောက် ယခုအခါပြည်ထောင်စုလမ်း၏ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းကို အသုံးမပြုရန် ယနေ့သတိပေးလာခြင်းဖြစ်သည်။
