စစ်အုပ်စုက လေကြောင်းပစ်ခတ်၊ နှစ်ဖက်ထိခိုက်မှုရှိပြီး ပြည်သူတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (မတ်လ ၂၁ ရက်)နံနက် ၄နာရီခွဲခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးစခန်းအား MRDAနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုများက သွားရောက်တိုက်ခိုက်ရာ နံနက် ၇နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် နာရီဝက်ခန့် ပစ်ခတ်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

နှစ်ဖက်ထိခိုက်မှုရှိသည်ဟု ဒေသတွင်းPale Entertainmentကဆိုပြီး တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ဒေသတွင်းအဖွဲ့များအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
“ ကိုယ့်ဘက်က ခုနစ်ယောက်လောက် ကျတယ်လည်းကြားတယ်။” ဟု ပုလဲဒေသခံတစ်ဦးက ပြောကြားသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးရှိ သဲရက်ကျေးရွာနေ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက် ညက ဇီးဖြုကုန်းပျူစခန်းအပါအဝင် ပုလဲမြို့ပေါ်စခန်း၊ အင်မထီးပျူစခန်းနှင့် ကန့်ဒေါင့်ရဲစခန်းစသည့် နေရာ (၄)ခုအား တော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
