စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အထိနာသွားသည့် စစ်ကောင်စီတပ်က အများပြည်သူသွားလာအသုံးပြုနေသောလမ်းမများကို ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာ ၊ဘုရားထွက်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်များ၍ ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ဧပြီ ၁ ရက် က ကြည်ရွာထိပ်ရှိ ဒေသခံများသွားလာအသုံးပြုနေသော မူးဘောင်ပေါ်ရှိ ပြည်သူပိုင်လမ်းနှင့် ဆိုင်ကယ်များကိုလည်းကောင်း၊ ဂွေးပင်ကုန်းကျေးရွာဘက် လမ်းမကိုလည်းကောင်း ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကြည်၊ ဘုရားထွက်ကျေးရွာများနေ ပြည်သူများ တိမ်းရှောင်နေကြစဉ် ရွာအတွင်းရှိ ဆန်များနှင့် ပစ္စည်းများကိုလည်း လုယူသွားကြောင်း နယ်ခံတို့က ပြောသည်။
ထိုနေ့ ညနေ ၆ နာရီဝန်းကျင်တွင် Mi35 ရဟတ် ယာဉ် တစ်စီးဖြင့် ပစ်ခတ်ပြီး ဒေသခံများ၏ ပစ္စည်းအား လုယူခြင်း၊ ဒဏ်ရာရ စစ်သားများအား လာရောက်သယ်ယူခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။


“သေတဲ့ကောင်တွေကိုပါ ဘူဒိုဇာနဲ့တင်သွားတယ် “ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။
ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများသည် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ ကျော်သေဆုံးခဲ့ကာ Mi(35) တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း အဖြူရောင် DPY အဖွဲ့က ထုတ်ပြန်ထားသည်။
