စစ်ကောင်စီတပ် သေဆုံးမှုများဟု KNLA တပ်မှူးပြော
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကင်းပုန်းနှင့် စစ်ကူလာသည့် BGF ယာဉ်တစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့သည်ဟု နယ်မြေခံ KNLA တပ်မှူးက ပြောသည်။
ဧပြီ ၂ရက် နံနက် အစောပိုင်း၌ ယာဉ်တန်းလုံခြုံရေး ယာဉ်တန်းအတွက် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
“သူတို့ စကစ ကားတန်းလာမယ်လို့ သတင်းရတယ်။ သတင်းရတော့ သွားစောင့်တော့ ကင်းပုန်းဝပ်နေတဲ့ အဖွဲ့နဲ့ သွားတိုးတယ်။ သွားတိုးတဲ့အခါကျတော့ တိုက်ပွဲက ဖြစ်သွားတာပေါ့”ဟု KNLA တပ်မှူးက ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုမသိရသေးသော်လည်း စစ်ကူလာသည့် BGF တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ BGF တပ်များ သေဆုံးမှုရှိသည်ဟုပြောပြသည်။
“တိုက်ပွဲဖြစ်တော့ ဘီးလင်းကနေ စစ်ကူလာတယ်ကားနဲ့။ အဲဒီကားကိုလည်း မိုင်းဆွဲပြီးတော့ တိုက်လိုက်တာ ကားပေါ်မှာ ရှိတဲ့ ၆ယောက်လုံး အကုန်လုံးကျဆုံးသွားတာပေါ့ အဲဒီ BGFက” ဟု KNLA တပ်မှူးက ပြောသည်။
လက်နက်ခဲယမ်းရရှိမှု အခြေအနေကို မသိရသေးဟု ၎င်းက ဆိုသည်။
Salween Press ကလည်း ဧပြီ ၂ရက်က ဘီးလင်းမြို့နယ်၌ စစ်ကောင်စီ ကင်းပုန်းအဖွဲ့နှင့် စစ်ယာဉ်တန်းကို KNLA တပ်ရင်း(၂)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်များခဲ့သည်ဟုဆိုသည်။ ကင်းပုန်းအဖွဲ့နှင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်က နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ကျိုက်ထိုမှ သထုံသို့ ထွက်လာသည့် ယာဉ်တန်း ၈စီးကို ဒေါင်းရပ်အနီး KNLA ပူးပေါင်းတပ်မှ တိုက်ခိုက်ရာ ၈ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း လည်း ဖော်ပြခဲ့သည်။ ထို့ပြင် ဘော်ခမ်းကွင်းနှင့် ကမာဆိုင် ကြား၌လည်း စစ်ကောင်စီတပ်ဖွဲ့များကို ပးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှု အခြေအနေ အတည်မပြုနိုင်သေးဟုဆိုသည်။
ထို့အပြင် လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရသည့်အပြင် တခါတရံလက်နက်ကြီး ပစ်ခတ်သံများလည်းကြားရသည်။
