ထိုင်းဘက်သို့ ရေကူးပြီး ထွက်ပြေးသွားသူများရှိ၊ သေဆုံးစစ်ကောင်စီအလောင်းများနှင့် စခန်းထိခိုက်ပျက်စီးမှု ဓာတ်ပုံများထွက်ပေါ်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်ခါးထာ့တပ်စခန်း တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်မှ ၂၀ခန့်သေဆုံးပြီး လက်နက် ၂၀ခန့်ရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
မတ်လ ၂၈ရက် နံနက် အစောပိုင်းက မယ်ခါးထာ့ တပ်စခန်းကို KNLA တပ်မဟာ(၅)က တိုက်ခိုက် ရာ ၁နာရီခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က PDFများနှင့် PDFများကို ကူညီသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုအမြစ်ဖြတ်တိုက်ခိုက်မည်ဟု ကျုံဝါးခဲ့ပြီး နောက်တစ်ရက်ပင် မပြည့်မီ KNLA တပ်မဟာ(၅)က စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


“ မယ်ခါးထာ့ရဲ့အခြေအနေကတော့ ဒီနေ့တော့ သူများလိုက်ရှင်းတာပေါ့။ ရှင်းတော့ သူတို့က အားလုံးမသေတဲ့အခါကျတော့ တချို့က ထွက်ပြေးတော့ ကမ်းနားမှာ ပြန်ဆင်းပြီးရေကူးသွားတာတို့ရှိတယ်။ ဒီဘက်ထိုင်းနိုင်ငံတချို့ရောက်တယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
Salween Press က မယ်ခါးထာ့တပ်စခန်း တိုက်ခိုက်ခံရမှုစခန်းတွင်း မြင်ကွင်းများ၌ သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုပ်အလောင်း ဓာတ်ပုံများကို ယနေ့ညပိုင်း၌ ဖော်ပြခဲ့သည်။


“ အကျအဆုံးက များတာပေါ့။ သူ့စခန်းက အနည်းဆုံးတော့ လူလေးငါးခြောက်ဆယ်လောက်ရှိမယ်။ သေတာက ၂၀ နီးပါးပေါ့။ အဲဒီစခန်းသိမ်းတဲ့အချိန်မှာ။ ကျန်တာက ထွက်ပြေးတာ။ တချို့က ပုန်းအောင်းနေတာပေါ့။ အရှင်ဖမ်းမိတာတော့ မရှိဘူး အခုလောလောဆယ်။ လက်နက်ခဲယမ်းကတော့ မနေ့က တွေ့တာတော့ ၂၀နီးပါးလောက်ရှိတယ်။ သူတို့ ထွက်ပြေးတော့ သူတို့ ယူသွားတာ နည်းနည်းပါမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းသည် အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်သော်လည်း KNLA တပ်မဟာ(၅)က အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ၌ မသေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့သည်။


ထွက်ပြေးသွားသူများအနက် ယနေ့နံနက်ပိုင်းအထိ သတင်းများအရ ထိုင်းဘက်သို့ ရောက်ရှိသူ နှစ်ဦးရှိပြီး ၎င်းတို့ကို ထိုင်းဘက်က ကူညီပေးထားသည်ဟု ဆိုသည်။
“ ထိုင်းဘက်က သူတို့ကို ကယ်တင်တာပေါ့။ နောက်ထပ် ဘယ်နေယောက် ရောက်နေလဲဆိုတာတော့ သတင်းအတိအကျမရသေးဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
