▪︎ကျန်ရစ်သူကိုယ်ဝန်ဆောင်မိခင်မှာ ခင်ပွန်း၊သားနှင့်တူ နှစ် ဦးကိုတစ်ပြိုင်နက်ဆုံးရှုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာမှ ဆယ်ကျော်သက်နှစ်ဦးအပါအဝင်တစ်အိမ်တဘ်းမှ သားအဖနှစ်ဦးနှင့် ညီအစ်ကိုနှစ်ဦး စုစုပေါင်းဆွေးမျိုး ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်က ညောင်ပင်ဝန်းရဲစခန်းမှထွက်လာသည့် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မောင်းထောင်ကျေးရွာသို့ဝင်ရောက်လာပြီးစီးနင်း အကြမ်းဖက်ခဲ့သည်။
အဆိုပါစစ်ကြောင်းသည် တပ်မ(၃၃) မှဖြစ်ပြီး ၁၂ ဦးသာ စစ်ယူနီဖောင်းဝတ်ထားကာ ကျန်သည့်စစ်သားများသည် အထက်အောက်အနက်များဝတ်ဆင်ထားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
မောင်းထောင်ရွာအတွင်းဝင်ရောက်မွှေနှောက်အကြမ်းဖက်၍ ပြည်သူများ၏ အဖိုးတန်းပစ္စည်းများကိုဖောက်ထွင်းလုယက်ယုဆောင်နေစဥ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ပစ်ခတ်မှုဖြစ်ခဲ့သည်။ထိုနောက် စစ်တပ်က ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ ၆ ဦးကိုဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၆ ဦးအနက် ၂ ဦးအား ပြန်လွှတ်ပေးလိုက်ပြီးကလေးငယ်နှစ်ဦးအပါအဝင် ၄ ဦးအားသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုလေးဦးအနက် သားအဖနှစ်ဦးဖြစ်သည့် အသက်၃၈ နှစ်အရွယ် ဦးကျော်သူထွန်းနှင့်၎င်း၏သား အသက် ၁၄ နှစ်အရွယ် အိုအီးအားလည်းကောင်း၊ ညီအစ်ကိုနှစ်ဦးဖြစ်သည့် အသက် ၁၅ နှစ်အရွယ် တုံတုံချစ်နှင့် အသက် ၂၀ အရွယ် ကိုချစ်စူးတို့အားလည်းကောင်း စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“စစ်ကောင်စီစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပြည်သူနှစ်ဦးရဲ့ ရုပ်အလောင်းနှစ်လောင်းကို ညောင်ပင်ဝန်း တံတားအောက်တွေ့ရှိခဲ့ပြီးကျန်နှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ပါတယ်လို့ သိရပါတယ်။”ဟု အထက်ပါအဖွဲ့က ပြောသည်။
သို့သော်ထပ်မံရရှိသောသတင်းအရ သတ်ဖြတ်ခံရသောညီအစ်ကို ၂ ဦး၏ ရုပ်အလောင်းကိုယနေ့ ပြန်လည်တွေ့ရှိရကြောင်းစစ်တပ်ကအလောင်းများကို ရေနှင့်မျှော၍ ဖျောက်ပစ်ရန်ကြိုးစားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
သတ်ဖြတ်ခံရသော ဦးကျော်သူထွန်း(၃၈နှစ်)၊၎င်း၏သား အိုအီး(၁၄နှစ်) ၊ ညီအကိုနှစ် ဦးဖြစ်သော တုံတုံချစ်(၁၅ နှစ်)၊ ချစ်စူး(၂၀ နှစ်)တို့ ၄ ဦးသည်တစ်အိမ်တည်းအတူနေကြသောဆွေမျိုးများဖြစ်နေသည်။ထိုကြောင့် ကျန်ရစ်သူ အမျိုးသမီးမှာခင်ပွန်း၊သားနှင့်တူများကိုတစ်ပြိုင်နက် ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး ၊၎င်းမှာရင်သွေးငယ်ကို ကိုယ်ဝန်ဆောင်ထားရသူလည်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
ဒေသခံပြည်သူလေးဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့သောထိုစစ်ကြောင်းကို နံနက် ၇ နာရီခန့်တွင် ပုဏ္ဏားယာကွေ့၌လည်းကောင်း၊ ညောင်ပင်ဝန်းစခန်း၌လည်းကောင်း ဗိုလ်မိုးကြိုး၊စွန်ရဲ ၊မြို့နယ် ပ.က.ဖ တို့နှင့်အတူ အခြာ မဟာမိတ်အဖွဲ့များပူးပေါင်းကာ လက်နက်ကြီးဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့က ပြောသည်။
လက်ရှိ ထိုစစ်ကြောင်းသည် မုံရွာ-မန္တလေးလမ်းရှိ ညောင်ပင်ဝန်းစခန်း၌ ပြန်လည်စခန်းချနေကြောင်း ဒေသခံများက ပြောသည်။
