ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံမြို့နယ် အတွင်း၌ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ သုံးဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
ဧပြီ ၂ရက် နံနက်က အာဏာသိမ်းစစ်ကောင်စီ ၏ ခမရ (၉) ဝင်းပစခန်းမှ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ဒဏ်ရာရသူများမှာ အသက်(၁၆)နှစ်နှင့် (၁၇) နှစ်အရွယ် လူငယ် နှစ်ဦးဖြစ်သည်ဟု ဆိုသည်။
ထိုနေ့ မွန်းလွဲပိုင်းပင် စစ်ကောင်စီလက်အောက်ခံ BGF စစ်ကား နှစ်စီးသည် ဓာတ်ကျိုက်ဂူအနီးမှနေ၍ လက်နက်ကြီး (၈)လုံးရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝင်းဖုန်းရွာအနီး လယ်ထဲသို့ ကျရောက်ပေါက်ကွဲပြီး စပါးရိတ်သိမ်းနေသော အသက် (၆၆)နှစ်အရွယ် အမျိုးသား လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် အရပ်သားပြည်သူ သေဆုံးမှု မကြာခဏ ရှိခဲ့ပြီး KNU အုပ်ချယ်နယ်မြေရှိ ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။
