▪︎စစ်တပ်မှာ ၂၀ ရာခိုင်နှုန်း ၊ကျန် ၂၀ ရာခိုင်နှုန်းမှာဘယ်ဘက်ကမှမထိန်းချုပ်နိုင်သောစစ်မြေပြင်ဖြစ်
▪︎ပူးပေါင်းတပ်များထိန်းချုပ်ဒေသတွင်ဆေးရုံ ၇ရုံ၊ စာသင်ကျောင်း ၄၀၀ ကျော်၊ ရဲစခန်း ၉ ခု နှင့် အဆင့်မြင့်ပညာရေးကျောင်း ၅ ခုဖွင့်လှစ်ထား
ကရင်နီ(ကယား)ပြည်နယ်၏ ၆၀ ရာခိုင်နှုန်းသောဧရိယာကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ကြောင်း ကရင်နီ အမျိုး သားများကာကွယ်ရေးတပ် KNDF ဥက္ကဌ၊ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဌ ခွန်းဘီထူး ပြောသည်။
ထိန်းချုပ်နယ်မြေများအတွင်းဆေးရုံ ၇ရုံ၊စာသင်ကျောင်း ၄၀၀ ကျော်၊ ရဲစခန်း ၉ ခု နှင့် အဆင့်မြင့်ပညာရေးကျောင်း ငါးခုကို ဖွင့်လှစ်ထားနိုင်သည်ဟု ယမန်နေ့(မတ် ၂၉)က ပြုလုပ်ခဲ့သော ” စည်းရိုးပရောဂျက်” နှင့် ဆက်စပ်၍ ကရင်နီတော် လှန်ရေးခရီးအတိုင်း အတာနှင့် သက်ရောက်မှုဆွေးနွေးပွဲမှတဆင့် ၎င်းကပြောကြားသည်။
“ နိုင်ငံရေးမှာအချက်သုံးချက်ပြည့်စုံရတယ်။ နံပါတ်တစ် က နယ်မြေ(နယ်နမိတ်) ရှိရမယ်။နောက်တစ်ခုက လူထုပေါ့။နယ်နိမိတ် ရှိပေမယ့် လူထုမရှိ ရင် နိုင်ငံရေး အကျုံးမဝင်ဘူး။နောက်ဘာတွေလုပ်ပေးနိုင်လဲဆိုတဲ့ အချက်သုံးချက်ပေါ် မှာမူတည်တယ်” ဟု KNDF ဥက္ကဌက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက” ကရင်နီပြည်ရဲ့ နိုင်ငံရေးက ဘယ်ရောက်နေလဲ ဆိုတော့ ဖယ်ခုံမြို့နယ်အပါအဝင်ဆိုရင် မြေဧရိယာရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားတယ်။အဲဒါတွေ အားလုံးက ကျေးလက်တွေကို အခြေပြုတယ်။ မြို့နဲ့ ခြောက်မိုင်၊ငါးမိုင်အကွာလေး မှာပေါ့နော် ထိန်းချုပ် ထားတယ်။ပြီးခဲ့တဲ့တစ်လလောက်ကဆိုရင်လွိုင်ကော်မြို့ရဲ့ ၆ မိုင်အကွာ က ကုန်းသာရွာမှာပဲ တိုက်ပွဲတွေ ဖြစ် တယ်။စစ်ကောင် စီအများအပြားကျ တယ်။တပ်ရင်းမှူး ကိုယ်၌ က လောလောဆယ် အချုပ် ကျနေတယ်။သူ့စစ်ကြောင်းကဆက်မထိုးနိုင်တဲ့အတွက် ကြောင့်ဆိုပြီး အတွင်းသတင်းတွေလည်း ကျွန်တော်တို့ သိထားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေမှာမူ ၂၀ ရာခိုင်နှုန်း သာရှိပြီး အထူးသဖြင့် လွိုင်ကော်၊ဖယ်ခုံ နှင့် ဘောလခဲ မြို့ပေါ်ဧရိယာများသာဖြစ်ကြောင်း ခွန်းဘီထူးကဆိုသည်။
“ စစ်ကောင်စီဘက်ကတော့ မြို့တွင်းပေါ့။မြို့တွင်းဆိုတဲ့နေရာမှာ မြို့ကိုဝင် တိုက်လိုက်ရင် မြို့က အရမ်းပျက်စီး သွားတယ်။အခုဆိုရင်ဒီးမော့ဆို မြို့မှာ၊ ဖရူဆို မြို့မှာတိုက်ခဲ့တဲ့အတွက် မြို့ကပျက်စီးလုနီးပါးဖြစ်သွားတယ်။အဲဒါကိုချန်ထားလိုက်လို့ စစ်ကောင်စီက သူရဲ့ ကင်းစခန်းတွေနဲ့ မြို့ကို အားပြုပြီးနေ နေရတယ်။၂၀ ရာခိုင်နှုန်းဧရိယာလောက်ကို တော့ သူတို့က ထိန်းချုပ်နေတယ်။ပြီးရင်တော့ ကျန်တဲ့ ၂၀ ရာခိုင် နှုန်းသော မြေတွေက စစ်မြေပြင်နေရာတွေပေါ့။ဘယ်သူမှ နေလို့ မရဘူး။ဘယ်သူမှလည်း မထိန်းချုပ်ဘူး။သွားရင်မိုင်းဧရိယာတွေနဲ့ တိုက်ပွဲဧရိယာဖြစ်နေတယ် “ ဟု ၎င်းကရှင်းပြ သည်။


စစ်ကောင်စီတပ်မှာ ကရင်နီဒေသတွင်း ၎င်း၏ ထိန်း ချုပ်နယ်မြေ ၂၀ ရာခိုင်နှုန်း၌ ဆေးရုံသုံးရုံ၊ရဲစခန်း သုံး ခု နှင့် ကျောင်း ၂၀ ခန့်သာ ဖွင့်နိုင်ပြီးအဆင့်မြင့်ပညာရေး(တက္ကသိုလ်)ကို မဖွင့်လှစ်နိုင်ကြောင်း လည်းသိရသည်။
အလားတူ KNDF ၏ ထိန်းချုပ်မှုဧရိယာတွင် ပြည် နယ်၏ လူဦးရေ ၃၀၀,၀၀၀ နေထိုင်လျက်ရှိပြီး စစ် ကောင်စီ၏ ထိန်းချုပ်နယ်မြေ တွင် လူဦးရေ ၅၀,၀၀၀ ခန့်သာ နေထိုင်၍ လူဦးရေ ခြောက်ဆခန့်ကွာဟလျှက်ရှိသည်။

“ အဲဒီမှာပြောချင်တာက ကျွန်တော်တို့ နယ်မြေထိန်း ချုပ်နိုင်လို့ အခွန်ကောက်တာ၊တရားမဝင်လုပ်ငန်းတွေလုပ်တာ မဟုတ်ဘူး။ဒါကြောင့် နိုင်ငံရေးကို ဘယ်ရောက်နေလဲ မေးရင် ကျွန်တော်တို့လက်ထဲမှာရှိတယ်။လူထုကို အကောင်း ဆုံးဝန်ဆောင်မှုပေးပြီး အာဏာ ရှင်ကို ဆက်ပြီးမှ တွန်းလှန်နေတယ်။စစ်ကောင်စီ ထိန်းချုပ်တဲ့ ၂၀ ရာခိုင်နှုန်းကို ဒီထက်ပို တွန်းလှန်နိုင်ခဲ့ရင် လူထုတွေလိုချင်တဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တွေအားလုံးလို ချင်တဲ့ တန်းတူအခွင့်အရေးတွေ ဖက်ဒရယ်အခွင့်အရေး တွေကို ပြန်ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်” ဟု ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင် စီဒုဥက္ကဌ ခွန်းဘီထူး ကဆက်လက်ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ တွင် ကရင်နီ(ကယား)ပြည်နယ်၌ လက်နက်ကိုင် တော် လှန်ရေးကို စတင်ခဲ့ပြီးနောက် နှစ်နှစ်ခန့်အတွင်း တိုက်ပွဲပေါင်း ၆၀၀ ခန့်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင်လည်း ကရင်နီ(ကယား)ပြည်နယ်၏စစ်ရေးမှာအမြင့်ဆုံးထိရောက်နေပြီးစစ်ကောင်စီတပ်က လူအင်အားအလွန်အကျွံအသုံးပြုသောလူသားလှိုင်း (Human Wave) စစ်ဆင်ရေးပြုလုပ်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီကပြောထားသည်။

စစ်ကောင်စီတပ်က ပုံမှန်အားဖြင့် ကရင်နီပြည်နယ်တွင် စစ်သား ၂၀၀၀ ထားရာမှ မကြာသေးခင်က ၁၂၀၀ ထပ်မံထပ်တိုးပြီး ဖေဖော်ဝါရီလကုန်ပိုင်း-မတ်လဆန်း ထိုးစစ်တွင် စစ်သား ၂၀၀၀ ကျော်ထပ်တိုးခဲ့ခြင်းဖြစ်ကြောင်း KNDF ဥက္ကဌ နှင့် ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ဒုဥက္ကဌ ခွန်းဘီထူးကလည်း အင်ဖိုဂရပ်ကိုအသုံးပြုရှင်းပြသည်။ထိုကြောင့် လတ်တလောကရင်နီ ပြည်နယ်တွင် စစ်တပ်က တပ်ဖွဲ့ဝင် အင်အား ၅၂၀၀ ကျော်အသုံးပြုထားခြင်းဖြစ်သည်။
ထိုအပြင် စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ကို မတ် ၂၈ ရက်ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ကရင်နီပြည်နယ်သည် စစ်ကောင်စီအုပ်ချုပ်ရေး၏ အဓိကနေရာနေပြည်တော်ကို ခြိမ်းခြောက်နိုင်ခြင်းနှင့် ဗျူဟာမြောက်တည်နေရာတွင် ရှိနေသောကြောင့် စစ်ကောင်စီကထိန်းချုပ်နိုင်ရန် အကြီးအကျယ်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို့ကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေသည့်အတွက် စစ်တပ်ကို ခံစစ်မှ တိုက်စစ်အသွင်ပြောင်းတိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများဖြည့်တင်းနိုင်ရန် ပြည်သူများက ကူညီထောက်ပံ့ကြရန် တိုက်တွန်းထားကြပြီး’စည်းရိုးပရောဂျက်’ ( https://www.facebook.com/permalink.php?story_fbid=132569356443511&id=100090713422974 ) ကိုလည်းပြုလုပ်နေသည်။
( ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း လက်ရှိ စစ်ရေးအခြေအနေပြ အင်ဖိုဂရပ်/ KNDF ဥက္ကဌ၊ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဌ ခွန်းဘီထူးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီ။ ဓါတ်ပုံ-KA ၊KNDF၊NUG)
