ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
ယမန်နေ့ (မတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီခွဲခန့်က မောင်မယ်ရှောင်ရွာအနီး အင်အား ၁၀ဦးခန့်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ဥသြစစ်ကြောင်းနှင့် DGRF(ထားဝယ်-ပကဖ)တို့ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကာ ဒဏ်ရာရသူများအား လူနာတင်ယာဥ်တစ်စီးဖြင့် တင်ဆောင်သွားကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

ထို့နောက် စစ်ကောင်စီတပ်က ရေး – ထားဝယ်ကားလမ်းအား ခေတ္တပိတ်ဆို့ထားခဲ့ပြီး ယင်းနေ့ညနေ ၆ နာရီခန့်တွင်မှ လမ်းပြန်ဖွင့်ပေးခဲ့သည်ဆိုသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးစာရင်းအား အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
မတ်လ ၂၀ ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်အား ဥသြစစ်ကြောင်းနှင့် DGRF တို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။
