▪︎LNG မှဓါတ်အားထုတ်လုပ်မှုမရှိတော့၍ မီးပိုပျက်တော့မည်ဟုလျှပ်စစ်စွမ်းအင်ဝန်ထမ်းအချို့ပြော
တရုတ်အခြေစိုက် CNTIC Vpower ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးခဲ့သော LNG ဓာတ်ငွေ့ရည်တင်သင်္ဘောသည် စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်နေသေးသော်လည်း မြန်မာဆိပ်ကမ်းမှယနေ့ပြန်လည် ထွက်ခွာသွားသည်။
“ အဓိက NLD လက်ထက်မှာ သူက တစ်ယူနစ် ၂၀၀ လောက်နဲ့ သီလဝါ စက်မှုဇုန်ကို ၂၄ နာရီ မီးအပြည့်ပေးမယ်ဆိုပြီး တင်ဒါအောင်ခဲ့တာ။ဖြစ်ချင်တော့ အာဏာ သိမ်းပြီး နိုင်ငံရေးမတည်မငြိမ် နဲ့ စီးပွားရေး အရလည်း ဒေါ်လာစျေးအပါအဝင် ဘက်ပေါင်းစုံ အကြပ် ရိုက်လာတော့ ဘယ်လိုမှ တောင့်မခံနိုင်ဘူး။အဲဒီ စီမံကိန်း ခေါင်းကိုင်က ဦးပိုင်ပဲ။ကြားပွဲစား အနေနဲ့ စာချုပ် ချုပ်ထားတာက ကိုဇေယျသူရမွန် ဦးစီးတဲ့ Zay Ya & Associate ကုမ္ပဏီ ပါ” ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာန အရာရှိတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။
နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်စေရန်အရပ်သားအစိုးရကသဘာဝဓာတ်ငွေ့ရည်(LNG)မှ လျှပ်စစ်ထုတ်လုပ်ရန်အတွက် ဓါတ်ငွေ့ရည်တင် သင်္ဘောမှာ ၂၀၂၀နိုဝင်ဘာလတွင်ဆိုက်ကပ်ခဲ့သည်။
ထိုသင်္ဘောများသည်သဘာဝဓာတ်ငွေ့ရည် အား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံတွင်ပထမဦးဆုံး စီမံကိန်း အဖြစ်ရွေးကောက်ခံ အရပ်သား အစိုးရကဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တစ်နှစ်လျှင်မဂ္ဂါဝပ် (၃၅၀) ထုတ်လုပ်မည့်သီလဝါစီမံကိန်းနှင့် မဂ္ဂါဝပ် (၄၀၀) ထုတ်လုပ်မည့် သာကေတစီမံကိန်းတို့ကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင်စတင်လည်ပတ်ရန် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။




သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြားငွေပေးချေနိုင်ခြင်းမရှိသောကြောင့် ၂၀၂၁ ဇူလိုင်လတွင် စီမံကိန်းများ ရပ်ဆိုင်းခဲ့သည်။ ထိုသို့ရပ်နားထားရာမှ ပြန်လည် မလည်ပတ်နိုင်တော့သဖြင့် သီလဝါဆိပ်ကမ်းဒေသအကွက် အမှတ် (၁၄) Dolphin Jetty ၌ ၂ နှစ်ကျော်ရပ်နားခဲ့သော အဆိုပါစွမ်းအင် သင်္ဘောသည် မြန်မာနိုင်ငံက မတ်လ ၃၀ မနက်ပိုင်း ပြန်လည်ထွက်သွားပြီဖြစ်ကြောင်း စွမ်းအင်ကုမ္ပဏီအရင်းအမြစ်များကပြောသည်။
“မြန်မာ့စွမ်းအင်လောကကို တခေတ်ပြောင်းလဲစေတဲ့ ဒီသင်္ဘောပြန်ထွက်သွားတာ စွမ်းအင်ကဏ္ဍက ခေတ်နောက်ပြန်ဆွဲသွားတာပဲ။ အရပ်သားအစိုးရလက်ထက်အပြောင်းအလဲတွေ အကုန်ရပ်တန့်သွားတာပါပဲ”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ မန်နေဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်တစ်ဦးကလည်း” အဓိကတော့ တရုတ်ကိုယ်တိုင်က သူတို့အကျိုးစီးပွား ထိလာတော့ သူတို့လည်း အရှုံးခံ မလုပ်ပေးနိုင်ဘူး။စာချုပ်ဆိုတာလည်း လက်ရှိအနေအထားအရ အာမခံချက်မှ မရှိတာ။ဆိုးတာက တရုတ်ဖြစ်နေတာကို” ဟု လူထုနွေဦးသို့ ပြောသည်။
ထိုစီမံကိန်းရပ်နားမှုကြောင့် နွေရာသီတွင်လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်းလည်း လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန အရာရှိကပြောသည်။
“ ကျွန်တော်တို့ သိသလောက်ဆို ဒီနှစ် နှစ်အတွင်း (စစ်တပ်ကအာဏာသိမ်းထားစဥ်) အနည်းဆုံး မဂ္ဂါဝပ် ၃၅၀ လာက်ပေးနိုင်တာကို ၅၀ လောက်ပဲ သူတို့ပေးတယ်။နောက် ၂၀၂၁ ခုနှစ်ကဆို ခြောက်လလောက် ဒီအတိုင်း မပေးပဲ တွက်ခြေမကိုက်ဘူးဆိုပြီး ရပ်ထားတာ” ဟု အထက်ပါ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန အရာရှိက ပြောသည်။
ကမ္ဘာ့ LNG ဈေးနှုန်းမြင့်တက်လာခြင်း၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေခြင်း၊ လျှပ်စစ်ဝယ်လိုအားကျဆင်းခြင်း နှင့် ဝန်ကြီးဌာနဘက်က လျှပ်စစ်ဓာတ်အားခများကို ပေးချေရန် အခက်အခဲရှိလာခြင်းတို့ကြောင့် ထိုစီမံကိန်းများ ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကလည်း မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်ကဏ္ဍတွင် ဆိုးဝါးစွာထိခိုက်လာပြီး ရန်ကုန်မြို့အပါအဝင် မြန်မာတနိုင်ငံကို လျှပ်စစ်မီးကို တစ်ရက်လျှင် နာရီပိုင်းသာ ဖြန့်ဝေပေးနိုင်တော့သည်။ ခေတ်အဆက်ဆက် မီးမပျက်ခဲ့သောနေပြည်တော်တွင်ပင် စစ်ကောင်စီက မတ်လမှစ၍ အလှည့်ကျ မီးပေးနိုင်တော့သည်။
မီးဆိုးရွားစွာပျက်တောက်နေသော်လည်း အာဏာသိမ်းခေါင်းဆောင်က လျှပ်စစ်ကားများ တင်သွင်းအသုံးပြန်ကြရန် အကြိမ်ကြိမ်ပြောနေပြီး စစ်ကောင်စီနှင့် နီးစပ်သောလုပ်ငန်းရှင်များက စစ်ကာင်စီအကြိုက် လျှပ်စစ်ကားများတင်သွင်း၍ နေပြည်တော်နှင့်ရန်ကုန်တွင် ဓါတ်အားသွင်းရန်နေရာအချို့ တည်ဆောက်နေသည်။
