အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုပါ အလှည့်ကျ မီးဖျက်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသတင်းရရှိသည်။
စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း လျှပ်စစ်ထုတ်လုပ်နှင့်ဖြန့်ဖြူးမှုလျှော့ကျလာခဲ့ပြီး နိုင်ငံတစ်ဝန်းမီးပြတ်တောက်မှုများပိုမိုဆိုးရွားလာရာ ယခုအခါ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်ပင် လျှပ်စစ်မီးလုံလောက်စွာမဖြန့်ဖြူးနိုင်တော့ခြင်းဖြစ်သည်။စစ်အစိုးရက စတင်တည်ဆောက်ခဲ့သော ၂၀၀၄ ခုနှစ်ဝန်းကျင်မှ စ၍ နေပြည်တော်သည် အမြဲဦးစားပေးဖြစ်ခဲ့ပြီး ကျန်ဒေသများမီပျက်လျှင်ပင် မပြတ်ဘဲ မီးရရှိခဲ့သောဒေသဖြစ်သည်။
သို့သော် ယခုအခါစစ်ကောင်စီက နေပြည်တော်အတွင်းရှိ ရပ်ကွက်များကိုအုပ်စုလေးစုခွဲပြီး အုပ်စုတစုလျှင် တရက်ကို အနည်းဆုံး ၇နာရီခွဲမှ ၈နာရီအထိလျှပ်စစ်မီးပြတ်တောက်မည်ဟု စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။
အလှည့်မီးပေးစနစ်ကို မတ် ၂၂ ရက်တွင် စတင်မည်ဟု စစ်ကောင်စီဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ စစ်ကောင်စီကအလှည့်ကျမီးပေးမည်ဟုဆိုသော်လည်း အဓိပ္ပါယ်မှာ အလှည့်ကျမီးဖြတ်တော့မည်ဟုဆိုလိုခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။
နွေရာသီတွင် ရေအားလျှပ်စစ်များထုတ်လုပ်မှုနည်းချိန်နှင့် စစ်ကောင်စီလက်ထက်တွင် သဘာဝဓာတ်ငွေ့စက်ရုံများလည်ပတ်နိုင်ခြင်းမရှိတော့ခြင်းကြောင့် မီးပြတ်မှုပိုဆိုးရွားလာခြင်းဖြစ်သည်ဟု လျှပ်စစ်အင်ဂျင်နီယာတစ်ဦးကမှတ်ချက်ပေးသည်။
“ နေပြည်တော် မီးပျက်တာတော့တစ်လလောက်ရှိပြီ ၃နာရီပေါ့ ခုတော့ နေ့တစ်ဝက်လောက်ထိ မီးပျက်မယ်ဆိုတဲ့ အချိန်ဇယားတွေထွက်လာတာပေါ့။ နေပြည်တော်မှာ လျှပ်စစ်အားပေးစခန်း ငါးခုလောက် ဆောက်ပြီး ဒီလို မီးတွေပျက်လာတာပဲ။ အခြေခံပြည်သူရဲ့ လိုအပ်ချက် လျှပ်စစ်မီးကိုတောင်လုံလုံလောက်လောက်မပေးနိုင်ဘဲသူ(အာဏာသိမ်းခေါင်းဆောင်မင်းအေညင်လှိုင်)လုပ်ချင်တဲ့လျှပ်စစ်ကားတွေကို တင်သွင်းနေတာ တိုင်းပြည်နဲ့ ပြည်သူအပေါ် မကြည့်တာစေတနာမရှိတာသိသာတဲ့အချက်ပဲ။ ဒီမီးပုံမှန်မပေးနိုင်တဲ့အချက်က ကျွန်တော်တို့တိုင်းပြည်က လွန်ခဲ့တဲ့ နှစ်၃၀ကစစ်အာဏာရှင်လက်ထက်ကို ပြန်ရောက်ပြီး ဆုတ်ယုတ်သွားတဲ့လက္ခာဏာပဲ။ နောက်ထပ်ကျွန်တော်တို့ပြည်သူတွေက မီးပုံမှန်မလာတာကနေ ဆိုးရွားတဲ့ အခြေနေဆိုးတွေကို ဆက်ကြုံဖို့ပဲရှိပါတော့တယ်” ဟု နေပြည်တော် ဒေသခံတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီးကို မတ်လစတင်ပြီး ၁၂ နာရီသာပေးနိုင်တော့ပြီး ထို၁၂နာရီကိုလည်း တကြိမ်လျှင် ၄နာရီပြတ်တောက်ပြီး ၃နာရီ အလှည့်ကျပေးနေခြင်းဖြစ်သည်။
“လျှပ်စစ်မီးက အလှည့်ကျဆိုပေ့မယ့် ပျက်ချင်တဲ့ အချိန်ပြတ်တာပါပဲ”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီက မတ် ၁ ရက်မှစတင်ပြီး စီးပွားရေးလုပ်ငန်းနှင့်စက်မှုလုပ်ငန်းများကို ညနေ ၅နာရီနောက်ပိုင်းမှ စတင်ပြီး လျှပ်စစ်မီး ပေးမှုကို ဖြတ်တောက်ထားသည်။
တစ်ဖက်တွင်အာဏာသိမ်းခေါင်းဆောင်သည် လျှပ်စစ်ကားများ ၊လျှပ်စစ်ရထားများ တင်သွင်းထုတ်လုပ် ပြေးဆွဲရန် ကိုမကြာခဏထုတ်ပြောပြီး ၊ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများဆောက်မည်ဟု စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်တစ်ခမ်းတနားဖော်ပြခဲ့သည်။ထို့အပြင် စစ်ကောင်စီနှင့် ရင်းနှီးသော လုပ်ငန်းရှင်များက လျှပ်စစ်ကားများတင်သွင်း၍ အသုံးပြုရန်ဆိုကာ လျှပ်စစ်အားသွင်းသော နေရာများဖွင့်ပွဲကို ယခုရက်ပိုင်း၌ တစ်ခမ်းတနားပြုလုပ်နေသည်။
