ထန်တလန်မြို့နယ်ကို စစ်ကောင်စီတပ် ဗုံးကြဲ၊ အမျိုးသမီး ၅ ဦး အပါအဝင်ပြည်သူ ၈ ဦးသေဆုံး
ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးတယ်လို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ရွာကို လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမရှိဘဲ တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဟာ မနက် ၁၀ နာရီ ၃၄ မိနစ်မှာ မြောက်ဘက်သို့ ပျံသန်းသွားပြီး ချင်းပြည်နယ်တစ်နေရာမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ ကလေးလေဆိပ်သို့ ၁၀ နာရီ ၅၅ မိနစ်မှာ ဆင်းသက်ခဲ့တယ်လိို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု စောင့်ကြည့်တဲ့ EAR ကဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသူလတ်တလောစာရင်းအရ ၂၀ ဦးကျော်ရှိပြီး ဒဏ်ရာပြင်းထန်သူများရှိလို့ သေဆုံးသူအရေအတွက် ထက်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်ကိုလည်း စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဒီနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ဒီနေ့ နေ့ခင်းမှာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ တံတားဦးလေတပ်မှ YAK-130 တိုက်လေယာဥ်များ ဒီနေ့ နေ့ခင်း ၁၂ နာရီခန့်မှ ၁ နာရီအတွင်း မြောက်နဲ့ အနောက်ဘက်အရပ်သို့ ငါးကြိမ် ပျံသန်းခဲ့တယ်လို့ စစ်တပ်လေကြောင်းထောက်လှမ်းတဲ့ အဖွဲ့တွေက ပြောပါတယ်။

မင်းအောင်လှိုင်ဘက်ရပ်ပြီး အသေခံမလား၊ ပြည်သူ့ဘက်ရပ်မလား အမြန်ရွေးချယ်ဖို့ NUG သတိပေး
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ခေါင်းဆောင်များကို ကာကွယ်ရင်းသေဆုံးခဲ့တဲ့ တပ်သား သုံးသောင်းကျော်ရှိတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပြီး စစ်ကောင်စီလက်ပါးစေ စစ်သားနဲ့ ရဲများကိို ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ သတိပေးပါတယ်။ စစ်သားတွေအနေနဲဲ့ မင်းအောင်လှိုင်ရဲ့ ဘက်မှာ ဆက်လက်ရပ်တည်ပြီး အသေခံမလား၊ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာ ခုံရုံးတက်မလား၊ ဒါမှမဟုတ် ပြည်သူ့ဘက်မှာ မားမားမတ်မတ်ရပ်ပြီး အနာဂတ်မှာ လိပ်ပြာလုံစွာနဲ့ ရပ်တည်မလားဆိုတာ ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ဒီနေ့ မိန့်ခွန်းပြောပါတယ်။ မဖြစ်မနေ ရွေးချယ်ရမယ့် အခြေအနေမကြာမီကာလမှာ ရောက်ရှိလာတော့မယ်လို့လည်း သူက ဆိုပါတယ်။

လိပ်သိုနယ် ဗဟုန်းဗျူဟာတပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗဟုန်းဗျူဟာစခန်းကို မတ်လ ၂၇ ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့တယ်လို့ သံတောင်မြောက်ပိုင်းတပ်ဖွဲ့(အထူးဒေသ)က သတင်းထုတ်ပြန်ပါတယ်။ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ ဗဟုန်းကျေးရွာ၊ တောင်ငူ-လိပ်သို ဗျူဟာလမ်းမှာရှိိတဲ့ ဗဟုန်းစစ်ကောင်စီဗျူဟာစစ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေ၊ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လေးကြိမ်၊ တိုက်လေယာဉ်နဲ့ ၁၀ကြိမ်ထက်မနည်းလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ လက်နက်ကြီး ပစ်ကူများလည်း အလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

NLDအပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းဖို့ စစ်အာဏာရှင်ဆုံးဖြတ်ချက်ကို ဗြိတိန် ပြစ်တင်ရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းဖို့ စစ်အာဏာရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်ရဲ့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ လုပ်ဆောင်ချက်များနဲ့ အကြောက်တရားသွင်း ဆန့်ကျင်မှုများကို ဖိနှိပ်ဖို့ အတွက် ပိုမိုရက်စက်တဲ့ နည်းဗျူဟာများအသုံးပြုခြင်းကို ဗြိတိန်က ပြစ်တင်ရှုတ်ချတယ်လို့ ဖော်ပြပါတယ်။ ဗြိတိန်ဟာ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်ပြီး အားလုံးပါဝင်နိုင်တဲ့ အပြန်အလှန်ဆွေးနွေးမှုမျိုး ဖန်တီးပေးဖို့ စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီတပ်က လူသားလှိုင်းစစ်ဆင်ရေးပြုလုပ်လာ
ကရင်နီပြည်နယ်ရဲ့ စစ်ရေးမှာ အမြင့်ဆုံးထိရောက်နေပြီး စစ်ကောင်စီတပ်က တပ်သားများသေလည်းဂရုမစိုက်ဘဲ လူအင်အားအလွန်အကျွံအသုံးပြုတဲ့ လူသားလှိုင်း(Human Wave) စစ်ဆင်ရေးပြုလုပ်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီကပြောပါတယ်။ မနေ့က ” စည်းရိုးပရောဂျက်” နဲ့ ဆက်စပ်လို့ ကရင်နီတော်လှန်ရေးခရီးအတိုင်းအတာနဲ့ သက်ရောက်မှု အခြေအနေဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။ ပွင့်လင်းရာသီ ရောက်ရှိလာတဲ့အတွက် ကရင်နီဒေသတွင်း စစ်ရေးအခြေအနေမှာ အမြင့်ဆုံးထိရောက်နေပြီး အပြန်အလှန်စစ်ကြောင်းထိုးနေတယ်လို့ ဒုစစ်ဦးစီးချုပ်မာဝီက ပြောပါတယ်။
ကျိုက်ထိုမြို့နယ် စစ်ကောင်စီဂိတ်စခန်းနှစ်ခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်း နှစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းနဲ့ အင်္ဂဘိုရွာ လက်ပံပင်သင်္ချိုင်းအနီးရှိ စစ်ကောင်စီ ဂိတ်စခန်းတို့ကို KNLAတပ်မဟာ(၁)၊ PDF၊ KRF၊ PPDF- KD ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့တွေရဲ့ ဖော်ပြချက်အရ မုပ္ပလင်လမ်းဆုံရှိ ဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်တစ်စီးကိို ခြောက်ကြိမ်မိုင်းဆွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကိုင်းမြို့မှထွက်လာတဲ့ စစ်ကောင်စီယာဥ်တစ်စီးကို ခြောက်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးတယ်လို့ People’s knight Defense Force Myinmu သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညပိုင်းက စစ်ကိုင်းတပ်မှ ဘိုးမင်းကျီးကင်းကျေးရွာစခန်းသို့လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးကို ခြောက်ကြိိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိိခိုက်သေဆုံးမှု များပြားခဲ့တာလို့ ဆိုပါတယ်။
မြောင်နယ်သို့ စစ်ကောင်စီရဲ့ဘီလူးစစ်ကြောင်း တကျော့ပြန် ဝင်ရောက်လာ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်း တကျော့ပြန် ဝင်ရောက်လာပြီး ဒီနေ့ မနက်ပိုင်းမှာ PDFစခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရင်းမှူးဗိုလ်ဆင်ရိုင်းကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၁) အမှတ်-၃ စခန်းကို စစ်ကောင်စီစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်အင်အားမပြည့်စုံတဲ့ ကြားမှ ခုခံတိုက်ခိုက်ရင်း ဒုရင်းမှူးဗိုလ်ဆင်ရိုင်း ကျဆုံးခဲ့ရတယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း (၁)က ထုတ်ပြန်ပါတယ်။ မိသားစုနှင့်ထပ်တူဝမ်းနည်းရပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက အသိပေးပါတယ်။
