ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။
မတ်လ ၃၀ရက် နေ့လည် ၁၂နာရီခန့်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ မံဝိန်းရွာကို လေယာဉ်နဲ့ ဝဲပြီးပစ်သွားတာ။ တိုက်ပွဲကလည်း အခုထိရှိနေတုန်း။ ဒေသခံတွေလည်း တောထဲရှောင်နေကြရတာ။ မြို့ပေါ်တက်ရှောင်နေတဲ့ လူတွေကိုလည်း ဖမ်းပြီးခေါ်သွားတယ်ကြားတယ်။ ကျနော်တို့လည်း ရှောင်ရင်းတိမ်းရင်းနေနေရတာပေါ့” ဟု ရွှေကူဒေသခံက ပြောသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မကြားသိရသေးကြောင်း ဒေသခံက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုပြီးနောက် ပစ်ခတ်သံများ ကြားနေရကြောင်းလည်း ၎င်းက ဆိုသည်။
“ လေယာဉ်နဲ့ ပစ်ပြီးတော့ တိုက်ပွဲသံကြားရတာပေါ့။ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ အများကြီး ကြားရတာပေါ့” ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ YAK -130 တိုက်လေယာဥ်များ ယနေ့ နေ့လည် ၁၂ နာရီခန့်မှ ၁နာရီအတွင်း မြောက်နှင့် အနောက်ဘက်အရပ်သို့ ငါးကြိမ် ပျံသန်းခဲ့ကြောင်းစစ်တပ်လေကြောင်းထောက်လှမ်းသောအဖွဲ့များက ဆိုသည်။
ရွှေကူမြို့နယ်တွင် မတ်လ ၂၀ရက် နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားနေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ဒေသကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်လျက်ရှိသည်။ မတ်လ ၂၃ရက် ငှက်တံတားရွာအနီး တိုက်ပွဲအပါအဝင် ရွှေကူနယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။
မတ်လ ၂၅ရက်ကလည်း စစ်ကောင်စီတပ်က ရွှေကူမြို့နယ် စီသောင်ရွာ၊ မံဝိန်းရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှု၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုရှိခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံများစွာ စစ်ဘေးရှောင်နေကြရသည်။
