မိုးဗြဲPDF မှ ရဲဘော်တစ်ဦးကျဆုံး၊ တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရ
ရှမ်း – ကယား(ကရင်နီ)ပြည်နယ်အစပ် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် DMO -Local PDF က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂၉ ရက်)က လုံးပြင်နှင့် တောင်မဲသင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို DMO-Local PDF နှင့် တပ်ပေါင်းစုများတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
တိုက်ပွဲမှာ နံနက် ၁၁ နာရီခွဲမှ ညနေ ၆ ကျော်အထိ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိမှု၊သေဆုံးမှုများပြားပြီး ဂျက်ဖိုက်တာတိုက် လေယာဉ်ဖြင့် (၂၄)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

“ ကျွန်တော်တို့ စကစ စခန်းတွေကို ဝင်စီးတာပါ။သူတို့ဘက်က အထိနာတော့ ပေါင် ၅၀၀ ဗုံးတွေတောင်သုံးတယ်။လေကြောင်းပစ်ကူများတာကြောင့် ပြန်ဆုတ်ခဲ့တယ်။ မြေပြင်မှာ စစ်ကောင်စီတပ်သား အလောင်း ခုနှစ်လောင်းလောက်ကတော့ မျက်မြင်တွေ့ရှိထားခဲ့တယ်” ဟု ပင်လောင်း စစ်မျက်နှာပြင်၌ ရှိနေသည့် DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲအတွင်း DMO Local PDFမှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိပြီး မိတ်ဖက်တော်လှန်ရေးအင်အားစုအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။
အလားတူ မိုးဗြဲ-PDF မှ ရဲဘော်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။
ယနေ့တိုက်ပွဲမတိုင်မီ ယမန်နေ့က ပင်လောင်းမြို့နယ်အတွင်း ၁၅ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ယမန်နေ့ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောထားသည်။
ထို့အပြင် ရှမ်း-ကယား နယ်စပ် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်၌ ယခုလ(မတ်လ ၁၀ ရက်မှ ၂၆ ရက်အထိ)အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၆၀ကျော်သေဆုံးကြောင်း သိရသည်။
